နေပြည်တော်၊ အောက်တိုဘာ ၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည့် လူမှုကာကွယ်စောင့်ရှောက်ရေး အညွှန်းကိန်းတွက်ချက်ရေး ညှိနှိုင်းအစည်းအဝေးနှင့် Naypyitaw State Academy ၌ ကျင်းပသည့် လူမှုစီးပွားရေးဆိုင်ရာလုပ်ငန်း (Social Enterprise) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
လူမှုကာကွယ်စောင့်ရှောက်ရေး အညွှန်းကိန်းတွက်ချက်ရေးညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၏ တိုးတက်မှုများကိုတိုင်းတာရန် လူမှုကာကွယ် စောင့်ရှောက်ရေးအညွှန်းကိန်းများကို တွက်ချက်ရပါကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများ၏ အချက်အလက်များကို ထည့်သွင်းတွက်ချက်ရသဖြင့် မူဝါဒနှင့်ကိုက်ညီသည့် အဖွဲ့အစည်းများမှ လူမှုကာကွယ်စောင့်ရှောက်ရေးအသုံးစရိတ် အချက်အလက်များပါ ထည့်သွင်းတွက်ချက်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် ပြည်သူ လူထုအတွက် မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်သကဲ့သို့ ပြည်သူလူထုကို အမှန်တကယ် တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများဖြစ်သည့်အတွက် အညွှန်းကိန်းတွက်ချက်သည့် အခါတွင် အသုံးစရိတ် ခေါင်းစဉ်များမကျန်ရှိစေရေး၊ အချက်အလက်များ မှန်ကန်တိကျစေရေးတို့ အတွက် ထည့်သွင်းသင့်သည့် အသုံးစရိတ်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးရန် လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Naypyitaw State Academy နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူမှုစီးပွားရေး ဆိုင်ရာလုပ်ငန်း (Social Enterprise) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး လေ့လာသင်ယူပြီးသည့် ပညာရပ်များကို လက်တွေ့အသုံးချနိုင်ရန်နှင့် လက်ဆင့်ကမ်းမျှဝေသွားရန်၊ တီထွင်ဖန်တီးမှုများနှင့်အတူ Brand ဝင်၍ Quality ကောင်းသောထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး နိုင်ငံတော်အတွက် လိုအပ်သည့်လူစွမ်းအားအရင်းအမြစ် (Resource Person) များကို မွေးထုတ်ပေးကြရန် လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက သင်တန်းသူများထံ သင်တန်း ဆင်းလက်မှတ်များကိုလည်းကောင်း၊ သင်တန်းနည်းပြများထံ ဂုဏ်ပြုလက်ဆောင်များကို လည်းကောင်း ချီးမြှင့်ပေးအပ်သည်။
အဆိုပါသင်တန်းသို့ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းနှင့် အမျိုးသမီးကျောင်းများမှ သင်တန်းသူ (၁၅) ဦး တက်ရောက်ခဲ့ပြီး ပညာရေး ဝန်ကြီးဌာန၊ Naypyitaw State Academy မှ ဆရာ၊ ဆရာမများက (၃) ရက်တာသင်တန်းပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်