နေပြည်တော် အောက်တိုဘာ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာနှင့် ဝဲကြီးကျေးရွာတို့၌ ဒေသဖွံ့ဖြိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် သမဝါယမ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာသို့ ရောက်ရှိပြီး သမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံရာအသင်း သားများက စိုက်ပျိုးဧက ၂၀ ပေါ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများအပြင် အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ တစ်ဧက အထွက်နှုန်း တိုးတက်မှသာလျှင် တောင်သူများ ဝင်ငွေတိုးပွားနိုင်မည်ဖြစ်ပြီး လိုအပ်သည့် စိုက်နည်း စနစ်၊ စိုက်ပျိုးရေ ရရှိရေးတို့အတွက် ဝန်ကြီးဌာနသက်ဆိုင်ရာများမှ ပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မိုးစပါးအပြီးဒေသနှင့်ကိုက်ညီသည့် သီးနှံများ ဆက်လက်စိုက်ပျိုးခြင်းအားဖြင့် ကျေးရွာတောင်သူများ၏ဝင်ငွေ မြင့်မားလာမည်ဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားပြီး အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ကာ ဖြစ်ထွန်းအောင်မြင်နေသောမိုး စပါးစိုက်ခင်းများနှင့် အသင်းပိုင် မွေးမြူရေးကြက်ခြံကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာ၌ ရွှေပြည်တန်ခွန် ကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် တိရစ္ဆာန်အစာစပ် စက်ရုံ တည်ဆောက်မည့်နေရာကိုကြည့်ရှု့စစ်ဆေးရာ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းအတွက် မြေညှိခြင်း၊ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းဆောင်ရွက်မည့် အစီအစဉ်များ၊ စက်ရုံးတည်ဆောက်ခြင်းနှင့် စက်ပစ္စည်းများ တပ်ဆင်ခြင်း ဆောင်ရွက်မည့် အစီအစဉ်များ၊ စက်ရုံတည်ဆောက်ပြီးပါက (၁) နာရီလျှင် (၁) တန်နှုန်းဖြင့် တစ်ရက်လျှင် တိရစ္ဆာန် အစာစပ် (၈) တန်ထုတ် လုပ်နိုင်မည်အခြေနေနှင့် စက်ရုံမြေနေရာလိုအပ်ချက် အစာတစ်တန် ထုတ်လုပ်မှု ကုန်ကျစရိတ် လျှပ်စစ်ဓါတ်အားလိုအပ်ချက်၊ ကုန်ကြမ်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝဲကြီး ကျေးရွာမှ တောင်သူဦးကိုကြီး၏ အောင်မြင်ဖြစ်ထွန်းနေသည့် မိုးစပါးစိုက်ခင်းများကို ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်