ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုက စိုက်ပျိုးရေးလုပ်ငန်းများအပေါ်တွင် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေသည်။ စိုက်ပျိုး သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော သွင်းအားစုများ၊ လုံ့လဝီရိယနှင့် လုပ်အားများ စသည်တို့ ပြည့်စုံလုံလောက်စွာ မည်မျှစိုက်ထုတ်လုပ်ကိုင်စေကာမူ ရာသီဥတုဖောက်ပြန်လိုက်သည်နှင့်   ကြိုးပမ်းလုပ်ကိုင်ခဲ့သမျှတို့  အရာမထင်သည့်အဖြစ် များကို  တောင်သူလယ်သမားတို့   ကြုံတွေ့လာကြရပြီဖြစ်ရာ ပြောင်းလဲလာသည့်   ရာသီဥတုနှင့်  လိုက်လျောညီထွေသည့် စိုက်ပျိုးနည်းစနစ်များကို ကျင့်သုံးရန် လိုအပ်လျက်ရှိပြီဖြစ်သည်။

 

ရာသီဥတုပြောင်းလဲလာမှုအနေဖြင့် မြန်မာနိုင်ငံတွင် မုတ်သုံအဝင်နောက်ကျ၊ အထွက်စောကာ  မုတ်သုံရာသီ ရက်တိုလာခြင်း၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲလာခြင်း၊ ပျမ်းမျှအပူချိန်မြင့်တက်လာခြင်း စသည်တို့ကို တွေ့မြင်နိုင်သည်။ မိုးရွာသွန်းမှုကာလ ရက်တိုခြင်းကြောင့်  မိုးရေရရှိမှုနည်းပါးလာရသလို  မိုးသည်းထန်စွာ ရွာသည့်အခါရွာ၊ မိုးရွာရက်ဝေးသည့်အခါဝေး စသည့်အခြေအနေများ ဖြစ်ပေါ်ခြင်းက စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းမှုကို ထိခိုက်စေသည်။ အချို့ရာသီဥတုအခြေအနေများတွင် သီးနှံဖျက်ပိုးမွှားများ ပေါက်ပွားမှုကို ပိုမိုဖြစ်ပေါ်စေပြီး စိုက်ခင်းများပိုးကျမှုတို့ ပိုမိုကြုံတွေ့လာရစေသည်။ ကမ္ဘာ့အပူချိန် (၁) ဒီဂရီတိုးတိုင်း စိုက်ပျိုးသီးနှံထွက်နှုန်း   ၁၀  ရာခိုင်နှုန်း လျော့ကျစေသည်ဟု ပညာရှင်များကဆိုကြပြီး ကမ္ဘာ့အပူချိန်မြင့်မားလာမှုနှင့် ဆက်နွှယ်၍သီးနှံအထွက်  ကျဆင်းလာမှုကြောင့်  လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်အတွင်း  ကမ္ဘာ့နိုင်ငံပေါင်း  ၁၀၀ ကျော်တွင် စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်  ခံစားရသူများ သန်း ၁၀၀ နီးပါးခန့် တိုးလာသည်ဟုလည်း  ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းသည် မိုးနည်းရေရှားရပ်ဝန်းဖြစ်ပြီး အပူချိန်မြင့်တက်လာခြင်းနှင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မိုးရေချိန် မညီမျှမှုသိသာစွာ တိုးလာခြင်းတို့က စားနပ်ရိက္ခာစိုက်ပျိုးထုတ်လုပ်မှုအပေါ်  ထိခိုက်စေသည်။  အပူပိုင်းဒေသ  မိုးနည်းရေရှား ရပ်ဝန်းသည်  နိုင်ငံ့ကုန်းမြေဧရိယာ   စုစုပေါင်း၏  ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံတို့ နေထိုင်ကြရာ နေရာဖြစ်သည်။ စိုက်ပျိုးရေးအတွက်  အချက်အချာကျသော ဒေသတစ်ခု ဖြစ်ပြီး စိုက်ပျိုးရေရရှိရေးနှင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေသည့်   စိုက်နည်းစနစ်များ  ဖြန့်ဝေပေးရန်တို့အပြင် အခြားဝင်ငွေရရှိနိုင်သည့်  လမ်းကြောင်းများအဖြစ် ရာသီဥတုဒဏ်ခံနိုင်သော မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် အားပေး ကူညီမှုများလည်း ဆောင်ရွက်ရန် လိုအပ်သည်။

 

ယခုနှစ်တွင် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ကမ္ဘာလုံးဆိုင်ရာအပူချိန်များ  စံချိန်တင် မြင့်တက်လာနိုင်ကြောင်း  ခန့်မှန်းထားပြီး နိုင်ငံတိုင်းက   စားနပ်ရိက္ခာဖူလုံရေးအတွက်    ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြရသည်။ မြန်မာနိုင်ငံအဖို့ စိုက်ပျိုးမွေးမြူရေးသည် အဓိကစီးပွားရေး ဖြစ်သည့်အလျောက် အယ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု၊ အထွက်နှုန်းကျဆင်း မှု၊ အရည်အသွေး ကျဆင်းမှုများ မဖြစ်စေရေး မျိုးစေ့ရွေးချယ်သည်မှ စိုက်ပျိုး၊ ရိတ်သိမ်းသည်အထိ ကြိုတင်ပြင်ဆင်ဖွယ်တို့ကို အသိပညာပေးမှုများ၊ မွေးမြူရေး၊ သားငါးထုတ်လုပ်ရေးကဏ္ဍတို့တွင်လည်း ကြိုတင်ပြင်ဆင်ရန်နှင့် ဆောင်ရွက်ရန် အကြောင်းအရာများကို အသိပညာဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိသည်။

 

ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့် အယ်နီညိုကဲ့သို့သော ရာသီဥတုဖြစ်စဉ် စသည်တို့မှာ မိမိတို့ အနာဂတ်တစ်လျှောက် ရင်ဆိုင်သွားရတော့မည့် အခြေအနေများပင်ဖြစ်ရာ မြန်မာနိုင်ငံ၏ အဓိက စိုက်ပျိုးသီးနှံများဖြစ်သော ဆန်စပါးနှင့် ပဲမျိုးစုံတို့အပြင် အခြားရာသီသီးနှံများ အားလုံးတို့တွင်လည်း စိုက်ပျိုးသည့်မျိုးများ၊ စိုက်ပျိုးသည့်နည်းစနစ်များ၊ သီးထပ်ပုံစံများ စသည်တို့ကို ဖြစ်ပေါ်လာမည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင်၊ ရာသီဥတုပြောင်းလဲမှု၏ ဒဏ်များကို  ခံနိုင်အောင် ပြုပြင်ပြောင်းလဲခြင်းဖြင့် နိုင်ငံ၏အဓိကစီးပွားနှင့်  ၇၀ ရာခိုင်နှုန်းသော ပြည်သူလူထု၏     မှီခိုအားထားရာ     စိုက်ပျိုးရေးကဏ္ဍ    ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ဆောင်ကြဉ်းကြရပါမည့်အကြောင်း။

 

မြန်မာ့အလင်း