နေပြည်တော်၊ အောက်တိုဘာ ၂၁

 

လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ တောင်သူလယ်သမားများ အပါအဝင် ကျေးလက်နေ ပြည်သူများ၏ ထုတ်လုပ်နိုင်မှုစွမ်းအားနှင့် ဝင်ငွေမြှင့်တင်ပေးနိုင်ရေးအတွက်  စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိရာ အပတ်စဉ်စနေနေ့တိုင်း ကျင်းပသည့် တောင်သူနည်းပညာ ဆွေးနွေးပွဲ (Farmers' Technical Forum) ကို ယနေ့နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးသုတေသန ဦးစီးဌာန၌ စပါးတစ်ပင်လုံး အကျိုးရှိစွာ အသုံးပြုခြင်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများ ခေါင်းစဉ်ဖြင့် ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဒေသတွင်းနိုင်ငံများမှ တောင်သူလယ်သမားများနှင့် မိမိတို့ တောင်သူ လယ်သမားများအကြား နည်းပညာ အသုံးချနိုင်မှု ကွာဟချက် ကျဉ်းမြောင်းလာစေရန် သုတေသီများ၊ နည်းပညာပြန့်ပွားရေးဌာနများ၊ တောင်သူများနှင့် သက်ဆိုင်သူအားလုံးတို့ အနေဖြင့် ပိုမိုကြိုးပမ်းကြရန် လိုအပ်ကြောင်း၊ တောင်သူများ အမှန်တကယ်ဝင်ငွေတိုးတက် ရန်မှာ သီးနှံအထွက်နှုန်း တစ်ခုတည်းအပေါ်မှာသာ မှီခိုနေ၍မရနိုင်ပဲ ဈေးကောင်းရ တွက်ခြေကိုက်သည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်အတူ မိမိတို့စိုက်ပျိုးထုတ်လုပ်လိုက်သည့် သီးနှံပင်တစ်ခုလုံးကို အကျိုးရှိရှိအသုံးချပြီး အပိုဝင်ငွေရရှိစေမည့် နည်းလမ်းများကို အသုံး ပြုရန်လိုကြောင်း၊ အလားတူ ရိတ်သိမ်းချိန်လွန် နည်းပညာများ အသုံးပြုပြီး ရိတ်သိမ်း နောက်ပိုင်း ကြုံတွေ့ကြရသည့် သီးနှံလေလွင့်ဆုံးရှုံးမှုများ လျှော့ချနိုင်ရေးနှင့် တန်ဖိုးမြင့် ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှသာ တောင်သူများအတွက် သိသာသည့် အကျိုးအမြတ်ကို ရရှိခံစားနိုင်ကြမည့်ဖြစ်၍ ယနေ့ဆွေးနွေးပွဲတွင် မိမိတို့ သိရှိလိုသည်များ အကြေအလယ် ဆွေးနွေးလေ့လာသွားကြရန် တိုက်တွန်းပါကြောင်း  ဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် အစားအစာ သိပ္ပံဌာနခွဲမှ ပညာရှင်များက စပါးတစ်ပင်လုံး အကျိုးရှိစွာ အသုံးပြုခြင်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများကို တင်ပြဆွေးနွေးကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပုဗ္ဗသီရိ၊ ဇေယျာသီရိ ဒက္ခိဏသီရိနှင့် ဥတ္တရသီရိမြို့နယ်များမှ တောင်သူများက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲ မကျင်းပမီနှင့် ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် အစားအစာသိပ္ပံဌာနခွဲ က သုတေသနပြု ဆောင်ရွက်သည့် ကောက်ရိုးဖြင့် စက္ကူပြုလုပ်ခြင်း ၊ တစ်ကီလို နွားစာတုံးပြုလုပ်ခြင်း၊ မုန့်ဆမ်းပြုလုပ်ခြင်း၊  စွမ်းအင်မဲ့အအေးခန်း၊ တီကျစ်စာ မြေဆွေး ထုတ်လုပ်ခြင်း လုပ်ငန်းများကို လက်တွေ့ လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်