ရန်ကုန်၊ အောက်တိုဘာ  ၂၁

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက   ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၁၂) ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ ဘဲတန်းချောင်း ရေစီးရေလာ ကောင်းမွန်ရန်အတွက် ဗေဒါဒိုက်များ ဆယ်ယူရှင်းလင်းခြင်းနှင့် ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၈) ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းဝင်း မြို့နယ်စည်ပင်သာယာနှင့် လူမှုရေးအသင်းဖွဲ့များ စုပေါင်းအင်အားဖြင့် ကျောင်းဝင်းများအတွင်း မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ၊ အုပ်မိုးကိုင်းများဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရေနှုတ်မြောင်းများအတွင်း အမှိုက်နှင့် နုန်းများဆယ်ယူရှင်း လင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းဝင်းအတွင်း ရေနှုတ်မြောင်းတူးဖော်သွားရေး မှာကြားသည်။

        

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၂၁) ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ ဇေယျာသိဒ္ဓိကျောင်းတိုက်နှင့်  ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊  ယုဇနဉယျာဉ်မြို့တော် (၉၃) ရပ်ကွက်၊ စိမ်းလဲ့ကန်သာလမ်းရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် စည်ပင်သာယာနှင့် လူမှုရေးအသင်းဖွဲ့ စုပေါင်းအင်အားတို့ဖြင့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

သတင်းစဉ်