နေပြည်တော်၊ အောက်တိုဘာ ၂၁
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်၍ အဆင့်မြင့် ရဲအရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် (၄၁) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (41st ASEANAPOL Conference) သို့ တက်ရောက်ခဲ့သည်။
အဆိုပါ (၄၁) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များနှင့် အဆင့်မြင့် ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးနှင့် အရာရှိများ၊ ဆွေးနွေးဖက်နိုင်ငံ/ အဖွဲ့အစည်းများဖြစ်ကြသော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ နယူးဇီလန်၊ တူကီယဲ၊ ဗြိတိန်၊ ဩစတြေးလျနှင့် အာဆီယံအတွင်းရေးမှူးရုံးတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ လေ့လာသူနိုင်ငံ/ အဖွဲ့အစည်းများ ဖြစ်ကြသော ကနေဒါ၊ ပြင်သစ်၊ ဖီဂျီ၊ တီမောလက်စတေ၊ အီတလီ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အမေရိကန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရဲချုပ်များအသင်း (IACP)၊ အမေရိကန် စုံစမ်းစစ်ဆေးရေးဗဟိုဌာန (FBI) တို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ညီလာခံအစီအစဉ်အနေဖြင့် အောက်တိုဘာ ၁၆ ရက်တွင် (၁၂) ကြိမ်မြောက် အာဆီယံ ရဲအဖွဲ့အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကိုလည်းကောင်း၊ အောက်တိုဘာ ၁၇ ရက် တွင် (၄၁) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံဖွင့်ပွဲအခမ်းအနား၊ ပထမအကြိမ် စုံညီအစည်းအဝေး၊ အာဆီယံရဲ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ၏ ဆွေးနွေးမှုဖိုရမ်၊ အာဆီယံရဲ အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၏ ဆွေးနွေးမှု ဖိုရမ်နှင့် မှုခင်းအမျိုးအစားအလိုက် ဆွေးနွေးသည့် ကော်မရှင် A ၊ B ၊ C အစည်းအဝေးများကို လည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ကော်မရှင် A ၊ B ၊ C အစည်းအဝေးများ ဆက်လက် ကျင်းပခြင်းနှင့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအတွက် ဂေါက်သီးရိုက်ပြိုင်ပွဲကို လည်းကောင်း၊ အောက်တိုဘာ ၁၉ ရက်တွင် ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် (၄၁) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံပိတ်ပွဲ အခမ်းအနားတို့ကို လည်းကောင်း ကျင်းပခဲ့ကြသည်။
အောက်တိုဘာ ၁၇ ရက်တွင် ပြုလုပ်ခဲ့သော ကော်မရှင် A ၊ B ၊ C အစည်းအဝေးများ၌ မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်မှု၊ ပင်လယ်ရေကြောင်းဆိုင်ရာလိမ်လည်မှု၊ စီးပွားရေးမှုခင်းများနှင့် ဘဏ်ငွေကြေး လိမ်လည်မှုများ၊ ဆိုက်ဘာမှုခင်း၊ ခရီးသွားစာရွက်စာတမ်းများ အတုပြုလုပ်မှု၊ နိုင်ငံ ဖြတ်ကျော် လိမ်လည်မှု၊ အာဆီယံရဲအဖွဲ့၏ အီလက်ထရောနစ် Database စနစ်၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန် အကူအညီပေးရေး၊ အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများအကြား စွမ်းရည်မြှင့်တင်ရေး အစီအစဉ်၊ အာဆီယံရဲအဖွဲ့၏ မှုခင်းဆေးပညာသိပ္ပံကွန်ရက် စသည့်မှုခင်း အမျိုးအစားများနှင့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီတွင် အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် အာဆီယံရဲ အဖွဲ့အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးတို့က လာအိုနိုင်ငံ ဝန်ကြီးချုပ်အိမ်တော်သို့သွားရောက်၍ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Sonexay Siphandone ထံ သွားရောက်တွေ့ဆုံဂါရဝပြုနှုတ်ဆက်ခဲ့ကြသည်။
ယင်းနေ့ ညနေ ၃ နာရီ ဒုတိယအကြိမ် စုံညီအစည်းအဝေးကို လည်းကောင်း၊ ညနေ ၄ နာရီ ၁၅ မိနစ် တွင် ညီလာခံပိတ်ပွဲ အခမ်းအနားကိုလည်းကောင်း ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် လာအိုနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် လာအိုနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲဗိုလ်ချုပ် Kamkim Phouilamanyvong က (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံကို ၂၀၂၄ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ထံ အာဆီယံရဲအဖွဲ့ အထိမ်းအမှတ်တံဆိပ်ကို လွှဲပြောင်းပေးခဲ့သည်။

မြန်မာနိုင်ငံကို ယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ဂုဏ်ယူဝမ်းမြောက်ကြောင်း အမှာစကားပြောကြားခဲ့ပြီး မြန်မာ့ရှုခင်းဗီဒီယိုကို အကြိုမိတ်ဆက် ပြသခဲ့သည်။
ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်