ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ‘‘ရခိုင်ပြည်နယ်စီးပွားရေး ဖိုရမ် (၂၀၂၃)”ကို အောက်တိုဘာလ ၂၂ ရက်(ယနေ့)တွင် ပြည်နယ်၏မြို့တော်စစ်တွေ၌ ကျင်းပပြီဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း ဒေသခံ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေးနှင့် ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအတွက် ရည်ရွယ်ကျင်းပသည့်  အဆိုပါဖိုရမ်တွင် ရခိုင်ပြည်နယ်မှ စီးပွားရေး လုပ်ငန်းဆိုင်ရာ ပညာရှင်သုံးဦးတို့က အဓိကဟောပြောဆွေးနွေးကြကာ ဒေသခံစီးပွားရေး လုပ်ငန်းရှင်များ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ စီးပွားရေးပညာရှင်များ၊ လူငယ်များ ပါဝင်ဆွေးနွေးကြမည့် စကားဝိုင်းဆွေးနွေးပွဲ သုံးခုလည်း ပါဝင်မည်ဟု သိရသည်။

 

‘‘စည်းဝေးခါခါ၊   ညီညာတက်ကြွ၊   လုပ်ဆောင်ကြလျက်၊ ရှေးကရိုးရာ၊ ထိန်းသိမ်းကာနှင့်၊ ဂုဏဝု၊ ကြီး- မိ- ရိုသေ၊ ရှုလေ မငြီး၊ သူ့သမီးကို၊ စောင့်စည်းကြည့်ရှု၊ စေတီရံနှင့်၊ ထေရ်ရှင် သူမြတ်၊ ပူဇော်အပ်၏၊ တိုင်းရပ်ပြည်ရွာ၊ ကြီးပွားကြောင်းတည်း။” ဟူသော အပရိဟာနိယတရား (၇) ပါးနှင့်အညီ မကြာမကြာ စည်းဝေးကြခြင်း၊ အစည်းအဝေးသို့ အညီအညွတ်တက်ရောက်၍ အညီအညွတ်ဆုံးဖြတ်ကြကာ ဆောင်ရွက်ရန် ကိစ္စဟူသမျှတို့ကို ညီညာဖြဖြ၊ တက်တက်ကြွကြွ ဆောင်ရွက်ကြခြင်းက ဒေသနှင့် ပြည်သူတို့အတွက် ကြီးပွားစည်ပင်မှု၊ တိုးတက်ဖွံ့ဖြိုးမှုတို့ကို ဖြစ်ထွန်းလာစေမည်ဖြစ်သည်။ ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတကြွယ်ဝသည်။ ရေခံမြေခံကောင်းများလည်း ရှိသည်။ သို့ရာတွင် သဘာဝအလျောက် ရရှိထားသည့် အရင်းအမြစ်များကို အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်သူများ ပါဝင်သည့် အရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်ကောင်းက အကျိုးရှိရှိ၊ ထိထိရောက်ရောက် ဖော်ထုတ်သုံးစွဲလုပ်ကိုင်နိုင်မှသာ အကျိုးစီးပွားဖြစ်ထွန်းမှုကို ရရှိနိုင်မည်ဖြစ်သည်။

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက အလေးပေး ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဒေသတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အသေးစားအငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ကူညီပံ့ပိုးမှုများ၊ အားပေးမှုများ ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင်စီးပွားရေးလုပ်ငန်း နယ်ပယ်များ အတွင်း ကိုယ်တိုင်ပါဝင်လုပ်ကိုင်နေကြသည့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း လျှပ်စစ်၊ လောင်စာဆီ စသည့်စွမ်းအင်လိုအပ်ချက်၊ လုပ်ငန်းတည်ထောင်ရန်၊ တိုးချဲ့ရန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိုအပ်ချက်၊ အရည်အသွေးမြင့်ကုန်စည်များ ထုတ်လုပ်နိုင်ရန် နည်းပညာလိုအပ်ချက်၊ ကူးသန်း သွားလာရေးနှင့် ကုန်သွယ်ရေးတို့အတွက် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးမှုလိုအပ်ချက်၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များအတွက် သွင်းအားစု လိုအပ်ချက်စသည်ဖြင့် လိုအပ်ချက်များရှိနေမည်ဖြစ်သကဲ့သို့ ဖြေရှင်းဖြည့်ဆည်းနိုင်မည့် နည်းလမ်းများလည်း ရှိနေမည်သာ ဖြစ်သည်။

 

‘‘နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသ တစ်ခုချင်းစီအလိုက် ၎င်းဒေသနှင့် ကိုက်ညီနိုင်မည့် စီးပွားရေးလုပ်ငန်းများကို ရေတိုရေရှည်တွက်ချက်ပြီး ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရန်” ဟူသော နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ‘‘ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် (၂၀၂၃)” မှ ဒေသနှင့်ကိုက်ညီပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံ ပြည်သူများ၏ လူနေမှုဘဝ မြင့်မားရေးတို့ကို ဖော်ဆောင်နိုင်မည့် စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များ ပေါ်ထွက်လာကာ အနာဂတ်စီးပွားဖွံ့ဖြိုးတိုးတက်ရေး ရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်ပါစေကြောင်း။

 

မြန်မာ့အလင်း