ဂျေရုဆလင်၊ အောက်တိုဘာ ၂၁
အစ္စလာမ္မစ်အဖွဲ့ ဟားမားစ်က အမေရိကန်နိုင်ငံသား ဓားစာခံနှစ်ဦးကို လွှတ်ပေးခဲ့ကြောင်း အောက်တိုဘာ၂၀ ရက်က ကြေညာသည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်များဖြင့် မိခင်တစ်ဦးနှင့် သမီးဖြစ်သူကို လွှတ်ပေးလိုက်ကြောင်း ၎င်းတို့၏ ဆိုရှယ်မီဒီယာတွင် ကြေညာချက်ထုတ်ပြန်သည်။
ကာတာနိုင်ငံမှ စေ့စပ်ညှိနှိုင်းရေးမှူးများ၏ ကြိုးပမ်းမှုဖြင့် ဓားစာခံများ လွတ်မြောက်လာ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ဟားမားစ် စစ်သွေးကြွများသည် လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်းက အစ္စရေးကို တိုက်ခိုက်ခဲ့ရာမှ အရပ်သားများနှင့် နိုင်ငံခြားသားများအပါအဝင် အလွှာပေါင်းစုံမှ ဓားစာခံ ၂၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသည့် အမေရိကန်များ အိမ်ပြန်လာနိုင်ရေး လုပ်ဆောင်နိုင်သည့်လမ်းကြောင်းများ အားလုံးအတိုင်း လုပ်ဆောင်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောသည်။
ထို့ပြင် ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို စိုးရိမ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကပြောသည်။ ပါလက်စတိုင်းပြည်သူများသည် အစားအသောက်၊ ရေနှင့်ဆေးဝါးများ ပြတ်တောက်လုနီးနီး ဖြစ်နေပြီ ဖြစ်သည်။
အစ္စရေးနှင့် ဟားမားစ်တို့ကြား တိုက်ပွဲများကြောင့် အောက်တိုဘာ ၇ ရက်မှစပြီး အစ္စရေးဘက်မှ အနည်းဆုံး လူ ၁၄၀၀ နှင့် ဂါဇာကမ်းမြောင်ဒေသမှ အနည်းဆုံး ၄၁၃၇ ဦး အပါအဝင် စုစုပေါင်း ၅၅၀၀ ကျော် သေဆုံး ခဲ့သည်။
အင်န်အိတ်ချ်ကေ