နေပြည်တော် အောက်တိုဘာ ၂၃
ဦးစီးအရာရှိ၊ စာရင်းစစ်မှူး၊ ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးမွမ်းမံသင်တန်း၊ အမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခုသင်တန်းကို လူ့စွမ်းအားအရင်းအမြစ် ပိုမိုအားကောင်း ခိုင်မာလာစေရန်နှင့် စစ်ဆေးရေးစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်အကျိုးရှိစွာ ပြန်လည်အသုံးချကြစေလိုကြောင်း၊ သင်တန်းမှ လေ့လာသိရှိခဲ့ရသည်များအပြင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နည်းပညာရပ်များနှင့် စာရင်းစစ်ဆေး ခြင်းဆိုင်ရာ နည်းစနစ်များကိုလည်း စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြရမည်ဖြစ်ပါကြောင်း။
ထို့ပြင် နိုင်ငံတော်မှ ချမှတ်ထားသည့်မူဝါဒများကို သိရှိနားလည်ပြီး လိုက်ပါဆောင်ရွက်နိုင်ရန်လည်း လိုအပ်ပါ ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝသည့် ခေါင်းဆောင်မှုနှင့် လိုက်ပါဆောင်ရွက်မှုများ ဖြစ်စေရန် အပြန်အလှန်လေးစားမှုဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေပါ လုပ်ငန်းတာဝန်များကို ကျင့်ဝတ်သိက္ခာများနှင့်အညီ သယ်ပိုးဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများမှ သင်တန်းသား များကို စာသင်ခန်းရောက် (Face to Face) ဖြင့် (၇၀)ဦး Online ဖြင့် (၁၃)ဦး စုစုပေါင်းသင်တန်းသား (၈၃) ဦး တက်ရောက်ပြီး မြောက်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက်တွင် အရည်အချင်းစစ်စာမေးပွဲ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)