နေပြည်တော် အောက်တိုဘာ ၂၃
ဂရိတ်ဝေါလ်တူမောရိုး မျိုးစေ့ထုတ်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်၏ GW-11 မျိုးစေ့ ထုတ်စိုက်ခင်း ဧက(၈၀၀) ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့ထောက်ပံ့ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အလျင်လိုကျေးရွာအနီးရှိ ရှင်းလင်းဆောင်၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မည် ဆိုပါက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝ အကောင်အထည်ဖော် နိုင်မှသာ ပြည်တွင်းစားရေရိက္ခာပေါများလာမည့်အပြင် ပိုလျှံစွာထွက်ရှိလာသည့် ထုတ်ကုန်များမှ ပြည်ပပို့ကုန် များရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အခြေခံသည့် ပြည်ပဝင်ငွေများရရှိလာမည်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမှသာ တိုင်းဒေသကြီး ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် ကျေးလက်နေတောင်သူများ လူမှုဘဝမြင့်မားရေး၊ စီးပွားရေး ကောင်းမွန်ရေးတို့အတွက် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နေပြည်တော်အတွင်း မျိုးစေထုတ်လုပ်သော လုပ်ငန်းများအား ယခင်ထက်ပိုမို၍ လုပ်ငန်းများ အောင်မြင်နိုင်ရန် အတွက် နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသအတွင်း ထွက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ကြမ်းများကို အခြေခံသည့် ပြည်ပပို့ကုန်များအဖြစ် ကုန်ချောများ တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအားများ မြင့်မားတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်းများရရှိစေရေးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ သွင်းအားစု ဖြန့်ဖြူးရောင်းချသူများ၊ တောင်သူလယ်သမား များ ပူးပေါင်း၍ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဂရိတ်ဝေါလ်တူမောရိုး မျိုးစေ့ထုတ်စိုက်ပျိုးရေး ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးတင်မောင်က စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ပျဉ်းမနားခရိုင်အတွင်းရှိ တောင်သူများအတွက် မျိုးစပါးထောက်ပံ့ပေးအပ်ရာ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦး က လက်ခံရယူသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာကြသည့် တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်း၍ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ပြသထားသည့် GW မျိုးစပါးများနှင့် ဂရိတ်ဝေါလ် တူမောရိုး မျိုးစေ့ထုတ်စိုက်ပျိုးရေးကုမ္ပဏီ လီမိတက်၏ GW-11 မျိုးစေ့ထုတ်စိုက်ခင်း ဧက(၈၀၀)အတွင်း မျိုးကွဲပယ်နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအနီးရှိ ဂရိတ်ဝေါလ် တူမောရိုး မျိုးစေ့ထုတ်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်သို့ ရောက်ရှိပြီး စက်ရုံအတွင်း GW-11 မျိုးစပါးသန့်စင်ခြင်းနှင့် မျိုးစပါးအိတ်ထည့်သွင်းချုပ် လုပ်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် အလျင်လိုကျေးရွာ အတွင်း စည်ပင်သာယာရေးလုပ်ငန်းများ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း နှင့် မြို့ရှောင်လမ်းသို့ ဆက်သွယ်ထားသည့် H-1 လမ်းအား တိုးချဲ့ဆောင်ရွက်မည့် အခြေ အနေ၊ လမ်းဘေးဝဲ/ယာတွင် နှစ်ရှည်အရိပ်ရအပင်များ စိုက်ပျိုးထားရှိမှုများ၊ ရာဇသင်္ဂဟလမ်းနှင့် ရွှေပြည်တော်ဝင်လမ်းဆုံ ကံ့ကော်ပန်းအဝိုင်းအနီးတွင် နိုင်လွန်ကတ္တရာ(AC)များ တွန့်ခေါက်နေမှုများအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် တည်းခိုနေကြသည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များအား သက်သာသောဈေးနှုန်း ဖြင့်ရောင်ချပေး နေသည့် စက်မှုဝန်ကြီးဌာနမှ ထုတ်ကုန်ပစ္စည်း အရောင်းဆိုင်များ၊ သမဝါယမ အရောင်းဆိုင်များ၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအသင်း (MSME)မှ နေပြည်တော်ဒေသထွက်ကုန် ပစ္စည်း(၁၅၁)မျိုးကို အရောင်းဆိုင်ခန်း(၂၂)ခန်းတွင် ရောင်းချနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)