ပြည် အောက်တိုဘာ ၂၄
သရေခေတ္တရာ ပျူမြို့ဟောင်းအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ လမ်းညွှန်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်မြို့ သရေခေတ္တရာ ပျူမြို့ဟောင်းဇုန်အတွင်းရှိ ရဟန္တာ ကန်တော်မင်္ဂလာအနီးသို့ ရောက်ရှိခဲ့ပြီး ခေတ်မီ Public Toilet နှင့် Coffee Shop ဆောက်လုပ်မည့် မြေနေရာကို ကွင်းဆင်းကြည့်ရှုကာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ မထိခိုက်စေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေ ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြား သည်။ ယင်းနောက် ဘောဘောကြီးဘုရားအနီး ခေတ်မီ Public Toilet တည်ဆောက်မည့်နေရာကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုဇုန်များတွင် ဆောက်လုပ်သည့် သတ်မှတ်ဒီဇိုင်းများ အတိုင်း ဆောင်ရွက်ရန်၊ ဆောက်လုပ်သည့် Toilet များတွင် မသန်စွမ်းခရီးသွားများ၊ သက်ကြီးရွယ်အို များ အသုံးပြုနိုင်သည့်ပုံစံများဖြင့် ဆောင်ရွက်ရန်၊ တည်ဆောက်မည့် ကုန်ကျစရိတ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းကော်မတီအဆင့်ဆင့်က စိစစ်သွားရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သရေခေတ္တရာ ပျူမြို့ဟောင်းပြတိုက်သို့ ရောက်ရှိပြီး သရေခေတ္တရာပျူမြို့ဟောင်း Website ရေးဆွဲထားရှိ မှုအခြေအနေများကို ကြည့်ရှုကာ ရှေးဟောင်း နေရာများအလိုက် သမိုင်းကြောင်းများ၊ မှတ်တမ်းဓာတ်ပုံ များဖြင့် ဝေဝေဆာဆာ ထည့်သွင်းသွားရန်၊ သတ်မှတ် နေရာများတွင် QR Coad များ စိုက်ထူသွားရန်၊ ထိုင်းနိုင်ငံရှိ ခရီးသွား Website တစ်ခု ဖြစ်သည့် Museum Pool နှင့် ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ပြတိုက်အနီး အမှတ်တရလက်ဆောင် ပစ္စည်းဆိုင်များ တည်ဆောက်နိုင်ရေးတင်ပြပေးရန် တာဝန်ရှိသူ များအား မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည် - ပေါက်ခေါင်းလမ်းဆုံမှ သရေခေတ္တရာ ပျူမြို့ဟောင်းထိပ်အထိ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၇၀၀ ဖြင့် လေးလမ်းသွား လမ်းချဲ့ခြင်းနှင့် Box Culvert ပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးပလက်ဖောင်းအောက် ၌ ရေမြောင်းများ ထည့်သွင်းတည်ဆောက်ရန်၊ အနှေးယာဉ်များသွားလာနိုင်ရေး လမ်းကြောင်း သတ်မှတ်ပေးရန်၊ လမ်းညွှန်အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဆောင်ရွက်ရန်နှင့် လမ်းဆုံနေရာ တွင် မီးပွိုင့်တပ်ဆင်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်မြို့ နဝဒေးစက်မှုဇုန်အတွင်းရှိ ဦးဇော်ထွန်း၏ သစ်အချောထည်စက်ရုံနှင့် သစ်ရိပ်သာဒိန်ချဉ် လုပ်ငန်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ပသွင်းကုန် လျှော့ချနိုင်ရေး၊ ပြည်တွင်းထုတ်ကုန် တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ရရှိ နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)