ကျောက်ဆည် အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့နယ်တွင် သီတင်းကျွတ် လဆန်း ၁၄ ရက် (အောက်တိုဘာ ၂၈ ရက်) တွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ဆင်အကအလှပြိုင်ပွဲ တွင် ဆင်အစီးရေ ၁၀၁ စီးဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်အကအလှပြိုင်ပွဲကို ရိုးရာမပျက် ပြည်သူများပျော်ရွှင်ပြီး စည်ကားသိုက်မြိုက်စေရန်အတွက် ဧည့်ခံဖျော်ဖြေရေးအပိုင်း နှင့် ပြိုင်ပွဲဝင်ကပြဖျော်ဖြေရေးဟူ၍ အပိုင်းနှစ်ပိုင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်အဖြစ် ဈေးပတ်ဆင် ၇၇ စီးမှ မြို့မဈေးကြီးအားပတ်၍ လှည့်လည်ကပြ ဖျော်ဖြေသွားမည့် အပြင် ဘော်ကြယ်များဖြင့် အလှ ဆင်ထားသည့် ကေသီဦး၊ ရတနာ ဦး၊ ဒွေး စသည့် ဘော်ကြယ်ဆင် သုံးစီးက ခေတ်ပေါ်တေးသီချင်းများသီဆို၍ သံစုံတီဝိုင်းများနှင့် မြို့တွင်း လမ်းများအနှံ့လှည့်လည် ကပြဖျော်ဖြေသွားမည်ဖြစ်သည်။
ဆင်အကအလှပြိုင်ပွဲများကို ဈေးတန်းရပ် ရွှေသာလျောင်းတော်ခြေရှိ ဆင်အကအလှ ပြိုင်ကွင်းတွင် ဆောက်လုပ်ထားသော ဗဟိုမဏ္ဍပ်အမှတ်ပေး ဒိုင် (၁)၊ ရန်ကုန် - မန္တလေး ကားလမ်းနှင့် တံတားဦး လမ်းဆုံတွင် ဆောက်လုပ်ထားသော အမှတ်ပေးဒိုင်(၂)၊ စုကြီးရပ်၊ လေးမျက်နှာဘုရားဝင်းတွင် ဆောက်လုပ်ထားသော အမှတ်ပေးဒိုင် (၃) တို့တွင် အလှည့်ကျကပြ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ရိုးရာ (လူကြီး) ဆင်ခြောက်စီး၊ ရိုးရာ (ကလေး) ဆင် လေးစီး၊ တီထွင်ဆန်းသစ်မှု (သဘာဝ အတိုင်း ပြုလုပ်ထားသည့်) ဆင် နှစ်စီး၊ ဘော်ကြယ်ဆင် ငါးစီး၊ သက်ကြီးဆင် နှစ်စီး၊ ဂုဏ်ပြုဆင် နှစ်စီးတို့က အလှည့်ကျ ကပြယှဉ်ပြိုင်သွားဖြစ်ကြောင်း သိရသည်။
ဆင်အကအလှပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ဆင်များအား ဆုများ ထိုက်တန်စွာချီးမြှင့်နိုင်ရေး ဒိုင်အဖွဲ့များက ပြိုင်ပွဲဝင် သတ်မှတ်ချက်များအတိုင်း စိစစ်ပြီး အကဲဖြတ်အမှတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများအပြီး တွင် ဆုရရှိသွားသည့် ဆင်အဖွဲ့များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်