နေပြည်တော် အောက်တိုဘာ ၂၆
နေပြည်တော်ကောင်စီ၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများတက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်းရှိ MSME လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် MSME လုပ်ငန်းများကို အားသွန်ခွန်စိုက် ထုတ်လုပ်ခြင်းအားဖြင့် နိုင်ငံ၏ GDP တိုးတက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံဖြိုး တိုးတက်အောင် သက်ဆိုင်ရာဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်ကို Clean City, Green City, Smart City ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ဌာနဆိုင်ရာများ အားလုံးက ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သီတင်းကျွတ်လပြည့်နေ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ဆီးမီးကိုးထောင်ပူဇော်မည့်ကိစ္စနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခရီးသွားများ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် ပွင့်လင်းရာသီတွင် လမ်းများအားလုံး ကောင်းမွန်စေရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆောင်းသီးနှံ၊ နွေစပါးနှင့် ရေရရှိမှုအပေါ်မူတည်၍ နွေစပါး၊ Contract Farning များ စိုက်ပျိုးမှု အခြေအနေများ၊ နေပြည်တော်တွင် ဝက်များ ဆာဗိုဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု၊ ရောဂါထိန်းချုပ်မှု၊ ဇီဝလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာတွင် ဝက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တောင်ကျရေကြောင့် ကမ်းပါးပြိုလုပ်ငန်းများ ထိန်းသိမ်းခြင်းနှင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ စားသုံးဆီရောက်ရှိဖြန့်ခွဲမှုအခြေအနေများ၊ Quick Win အစီအမံ (၅) ရပ်နှင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိမှုအခြေအနေများ၊ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ လမ်းတံတားများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး လုပ်ငန်းများ အောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်