ရန်ကုန် အောက်တိုဘာ ၂၇

 

နိုင်ငံတော်အစိုးရသည် ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများကို အစဉ်ကြည့်ရှု စောင့်ရှောက်လျက်ရှိပြီး အခက်အခဲများကြုံတွေ့လာပါက ကူညီဆောင်ရွက်ပေးလျက်ရှိရာ အစ္စရေးနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူနိုင်ရေး နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ခဲ့ရာ၌ အောက်တိုဘာ ၂၆ ရက် ည ၉ နာရီကျော်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် အစ္စရေးနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ပွဲအခြေအနေကြောင့် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို အောက်တိုဘာ ၂၅ ရက် ညပိုင်းတွင် အစ္စရေးနိုင်ငံမှ တဲလ်အဗီးမှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိခဲ့ပြီး ဗန်ကောက်မှတစ်ဆင့် ရန်ကုန်မြို့သို့ ည ၈ နာရီ ၁၅ မိနစ်တွင် BM 351 MAI လေကြောင်းလိုင်းဖြင့် လိုက်ပါခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ည ၉ နာရီကျော်တွင် အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။

 

အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့မှ ပြန်လည်ရောက်ရှိလာသော ကိုအောင်ကျော်ဦးက “ရုတ်တရက်ကြီး စစ်ဖြစ်တော့ ကျွန်တော်တို့လည်း ကြောက်သွားတယ်။ အိမ်အောက်ထပ်က ဗုံးခိုကျင်းထဲဆင်းပြီး နေကြရတယ်။ ဆက်ပြီးနေထိုင်လို့ မရတော့တဲ့ အနေအထားပါ။ အစ္စရေးကို Training Agriculture နဲ့ စိုက်ပျိုးရေးသင်တန်း တက်ရောက်နေတာ လေးနှစ်ကျော်ရှိပါပြီ။ အစ္စရေးနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ဆက်သွယ်အကြောင်းကြားပေးတဲ့အတွက် ကျွန်တော်တို့အဆက်အသွယ်ရပြီး မြန်မာနိုင်ငံကိုပြန်ဖို့ အမြန်ဆုံးဆောင်ရွက်ပေးခဲ့တာကြောင့် အခုလိုအမိနိုင်ငံကို ဘေးအန္တရာယ်ကင်းကင်းနဲ့ စိတ်အေးချမ်းသာစွာ ပြန်လာနိုင်ခဲ့ပါပြီ။

 

အစ္စရေးလ်လေဆိပ်မှာ မြန်မာနိုင်ငံကို ပြန်ရတော့မယ်ဆိုတဲ့စိတ်က ရင်ခုန်မှုကြီးမားပါတယ်။ ဗန်ကောက်ကိုရောက်တော့ စိတ်ထဲမှာ ၅၀ ရာခိုင်နှုန်းပဲ ပျော်ရွှင်ကြရပြီး ရန်ကုန်လေဆိပ်ကို လေယာဉ်ဆင်းသက်လိုက်တာနဲ့ အမိမြေဆိုတဲ့အသိစိတ်ဟာ ဘယ်လိုခံစားမှုနဲ့မှ လဲလို့မရပါဘူး။ အမိမြေထက် နွေးထွေးလှိုက်လှဲတဲ့နေရာ ဘယ်နေရာမှ မရှိဘူးဆိုတာလည်း သိလိုက်ရပါတယ်။ လာရောက်ကြိုဆိုကြတဲ့ တာဝန်ရှိသူအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ ကျွန်တော်က ရှမ်းပြည်နယ် ပင်လောင်းကပါ။ ကျွန်တော်တို့ကို အချိန်မီကူညီ ကယ်ဆယ်ပေးတဲ့ နိုင်ငံတော်အစိုးရက တာဝန်ရှိသူများအားလုံး၊ အစ္စရေးနိုင်ငံ မြန်မာသံရုံးက သံအမတ်ကြီးနဲ့ တာဝန်ရှိသူအားလုံးကို ရင်ထဲက ဖော်မပြနိုင်အောင် လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ဝမ်းမြောက်ပီတိစကား ပြောကြားသည်။

 

မလမိုင်မိုင်းရာက “အမိနိုင်ငံကို ပြန်ရောက်လာတဲ့အတွက် ဝမ်းသာကြည်နူးမှာဟာ ဘာနဲ့မှ လဲလို့မရပါဘူး။ ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်။ သမီးက ကချင်ပြည်နယ် တနိုင်းကပါ။ အစ္စရေးကိုရောက်နေတာ လေးနှစ်ကျော်ရှိပါပြီ။ တစ်လမ်းလုံး ဘုရားသခင်ထံ ဆုတောင်းခဲ့တာ အခုလိုပြန်လာနိုင်အောင် ကူညီဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အစိုးရနဲ့ သံရုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ မိဘရင်ခွင်ထဲ ပြန်လည်ပို့ဆောင်ပေးတဲ့ တာဝန်ရှိသူအားလုံးကို ရင်ထဲမှာ ပြောမပြတတ်အောင်ကို ကျေးဇူးအထူးတင်ပါတယ်။ ကျေးဇူးကမ္ဘာပါ”ဟု ဝမ်းသာပီတီစကား ပြောကြားသည်။

 

မမိုးသီတာအောင်က “သမီးတို့က မြို့ပေါ်မှာနေတာပါ။ အစ္စရေးနယ်စပ်မှာတော့ တိုက်ပွဲသံတွေကြားနေရတယ်။ အခုလို မထင်မှတ်ပဲဖြစ်လာတော့ ကိုယ့်နိုင်ငံကိုပဲ ပြန်ချင်တယ်။ သံရုံးက ပြန်မယ့်သူတွေကို ပို့ပေးဖို့ အကြောင်းကြားပေးတဲ့အတွက် ဝမ်းပမ်းတသာနဲ့ ပြန်ခွင့်ရခဲ့တာပါ။ စိတ်ရှည်စွာနဲ့ ကူညီပေးခဲ့တဲ့ သံရုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ သမီးက ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေပါတယ်။ မိသားစုနဲ့ အခုလိုပြန်ဆုံခွင့်ရအောင် ကူညီဆောင်ရွက်ပေးတဲ့အတွက် ဖော်မပြနိုင်အောင် ဝမ်းသာကြည်နူးဖြစ်ရပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်”ဟု ရင်တွင်းပီတိစကား ပြောကြားသည်။

 

မခင်နှင်းအိက “တိုက်ပွဲဖြစ်တဲ့အသံကို တဲလ်အဗီးက နေ့တိုင်းကြားနေရတယ်။ သမီးတို့နေတာ လေးနှစ်ရှိပြီ။ အခုလိုမကြုံဖူးဘူး။ အခြားပြည်ပ နိုင်ငံသားတွေလည်း ပြန်ကြတာရှိတယ်။ မြန်မာနိုင်ငံသားအချို့လည်း ရှိတယ်။ တိုက်ပွဲသံကြားကတည်းက အမိနိုင်ငံကို ပြန်ချင်နေတာပါ။ တစ်နေ့တစ်နေ့ ဘာဖြစ်လာမလဲဆိုပြီး တွေးနေရတာလည်း ပင်ပန်းတယ်။ သမီးက ပဲခူး၊ သာယာဝတီမှာ နေပါတယ်။ အိမ်ကိုလွမ်းတယ်၊ သတိရတယ်။ မြန်မာသံရုံးက အကြောင်းကြားစာရတော့ အတိုင်းမသိ ဝမ်းသာသွားတယ်။ အစ္စရေးလေဆိပ်မှာ လေယာဉ်မထွက်မီနဲ့ လေထဲရောက်သွားချိန်ဟာ အကြာဆုံးအချိန်ပါပဲ။ ဗန်ကောက်ကိုရောက်မှပဲ စိတ်နဲနဲအေးချမ်းသွားပါတယ်။ ရန်ကုန်လေဆိပ်ကိုရောက်တော့ ရင်ထဲ ဝမ်းနည်းဝမ်းသာဖြစ်ရတယ်။ စိုးရိမ်စိတ်နဲ့နေခဲ့ရတဲ့ နေ့စဉ်ဝမ်းနည်းမှုဟာ အမိမြေကို ခြေချခွင့်ရလိုက်တာနဲ့ ဝမ်းသာပျော်ရွှင်မှုရဲ့စွမ်းအားဟာ ဘာနဲ့မှလဲလို့မရပါဘူး။ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိအောင် ကူညီပို့ဆောင်ပေးကြတဲ့ လူကြီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါတယ်” ဟု ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အစ္စရေးနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ရောက်ရှိလာကြသည့် နိုင်ငံသားတို့၏ မိဘဆွေမျိုးများက ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

 

သတင်းအင်တာဗျူး- ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ- ဇော်မင်းလတ်၊ မောင်သီဟ