ပုသိမ် အောက်တိုဘာ ၂၇

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ နိုင်ငံရေးပါတီ ၇ ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီဥက္ကဋ္ဌများ၊ တာဝန်ခံများနှင့် မြို့နယ်တာဝန်ခံများအား တွေ့ဆုံ၍ ပါတီဝင်အင်အားများ စုဆောင်းမှုကအစ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ အပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ ထူထောင် ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုးသယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများ ဖြစ်လာစေရေး ကြိုးပမ်း ဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် လည်းကောင်း၊ နည်းဥပဒေများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ  ၃၁ ရက်တွင် လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်း စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အား အနည်းဆုံး ၁၀၀,၀၀၀ နှင့် တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်းသာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကို မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စုဆောင်းရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထို့အတူ မှတ်ပုံတင်ခွင့် ရသည့် နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ အနည်းဆုံး သတ်မှတ်ထားသည့် ရုံးခန်းအရေအတွက်ကို ဖွင့်လှစ်ရ မည် ဖြစ်ပါကြောင်း၊ သတ်မှတ်ကာလအတွင်း အနည်းဆုံးစည်းရုံးရမည့် ပါတီဝင်ဦးရေ မပြည့်မီခြင်း၊ သတ်မှတ်ကာလအတွင်း  ရုံးခန်းဖွင့်လှစ်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိမည် မဟုတ်ပါကြောင်း။

 

ယခုကဲ့သို့ နိုင်ငံရေးပါတီများကို  ကော်မရှင်မှစိစစ်ရခြင်းမှာ နိုင်ငံရေးပါတီများသည် ပါတီစုံဒီမိုကရေစီအထွေထွ ေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံ၍ နိုင်ငံ၏အုပ်ချုပ်‌ရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများတွင် ပါဝင်ထမ်းဆောင် မည့်သူများဖြစ်လာမည်ဖြစ်၍ ဥပဒေနှင့်ညီညွတ်သည့် ခိုင်မာအားကောင်းသော ပါတီထူထောင်မှုရရှိစေရန်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်မှန်ကန်ကန်ဖြစ်စေရေး၊ မဲမသမာမှုများ မဖြစ်စေရေး အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ကွန်ပျူတာတက္ကသိုလ်များမှ ပညာရှင်များ၏ နည်းပညာ နှင့်ကျွမ်းကျင်မှု အကူအညီရယူပြီး  CVLMS  (Central  Voter  List  Management  System) ဆော့ဝဲလ် အပါအဝင် အဆင့်မြင့်အိုင်တီနည်းပညာများ အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) ကို မြန်မာနိုင်ငံမှ ပညာရှင်များ၏အကူအညီဖြင့် တီထွင်ပြုလုပ်ခဲ့ပြီး ယခုအခါ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ  မြို့နယ်များမှ  ပြည်သူများကို လက်တွေ့စမ်းသပ်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက် နေမှုများကို ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့်  နိုင်ငံရေးပါတီများမှ  တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌများ၊ ခရိုင် စည်းရုံးရေးမှူးများက ပါတီဝင်အင်အားစာရင်းများ ဥပဒေနှင့်အညီ မှန်ကန်စေရေးအတွက်  စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများနှင့်  တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး  နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် အရာရှိများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက် ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)တို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ပါတီကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်  အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)