ရန်ကုန် အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားကို ယနေ့ညနေ့(၅)နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မှုကြပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါစန္ဒာသွယ်၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ဂေါပကအဖွဲ၀င်များ၊ ဘာသာရေးအသင်းအဖွဲ့၀င်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဗဟန်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇ မဟာဂန္ထဝါစက ပဏ္ဍိတ သာသနဓဇ ဘဒ္ဒန္တဓမ္မာစရိယ အရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး၀န်ကြီးချုပ်၊ တိုင်းမှူးနှင့် တာ၀န်ရှိသူများက သြဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒွိပိဋကဓရ ဒေါက်တာဘဒ္ဒအဂ္ဂသာမိထံမှ အနုမော ဒနာတရား နာကြား၍ ရေစက်ချအမျှပေးဝေကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။
ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့တို့က ကြီးမှူး ကျင်းပသည့် ၁၃၈၅ ခုနှစ် သီတင်းကျွတ် လပြည့်နေ့အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများလှည့်လည်ပူဇော်ပွဲနှင့် စုပေါင်းဆီမီးဆက်ကပ်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်၊ တိုင်းမှူးနှင့် တာ၀န်ရှိသူများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၀င်များနှင့် ဂေါပကရုံး၀န်ထမ်းများ ဘာသာရေး၀တ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာ ပြည်သူများက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှလျှပ်စစ်မီးစေတီများကို ပင့်ဆောင်လျက် ရွှေတိဂုံစေတီ တော် မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
ထို့နောက် တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများ၊ တိုင်းဒေသကြီးလူမှုရေး၀န်ကြီးနှင့်အဖွဲ့က ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူရန်အလှူငွေများကို ဂေါပကအဖွဲ့သို့ လှူဒါန်းကြပြီး ဆီမီးများ ဆက်ကပ်ပူဇော်ကြသည်။
ယင်းနောက် အောင်မြေ၌ ဂေါပကအဖွဲ့၀င်များ ဘာသာရေး၀တ်အသင်းအဖွဲ့များနှင့် အလှူရှင်များက “နီလာနီလာ” အစချီသော မဟာပဌာန်းရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားရှင်ကိုပင့်လျှောက်ခြင်း “သော၀ဏ္ဍိကံ” အစချီသော ရွှေတိဂုံဘုရား ရှိခိုးဂါထာတော်ဖြင့် ရှိခိုး ပူဇော်ခြင်း ငါးပါးသီလခံယူဆောက်တည်ခြင်း ပန်း ရေချမ်း ဆီမီး အမွေးနံ့ သာကပ်လှူပူဇော်ခြင်း “ဘဂဝန်ဘုန်းလှိုင်” အစချီသော မဟာပဌာန်း တိုက်တွန်းလွှာဖြင့် ရွတ်ဆိုတိုက်တွန်းခြင်း မဟာပဌာန်းပစ္စယုဒ္ဒေသ ပစ္စယနိဒ္ဒေသပါဠိတော်ကို ရွတ်ဆိုပူဇော်ခြင်း ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းတို့ ဆောင်ရွက်ကြသည်။
ဆက်လက်၍ ဂေါပကအဖွဲ့၀င်များ၊ ဂေါပကရုံး၀န်ထမ်းများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများစုပေါင်း၍ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ သတင်းကျွတ်လပြည့်နေ့(အဖိတ်နေ့)တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကုသိုလ်ကောင်းမှုပြု ကြသူများနှင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်း-ဓာတ်ပုံ ကိုကိုဇော်(mna)