နေပြည်တော် အောက်တိုဘာ ၂၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် ရွှေညောင်-တောင်ကြီး ရထားလမ်း အဆင့်မြှင့်တင်ခြင်းနှင့် နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်း သစ်ဖောက်လုပ်ရေး စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ရထားလမ်း ပိုင်းဖွင့်လှစ်ခြင်းအခမ်းအနားကို အောက်တိုဘာ ၂၂ ရက်တွင် တောင်ကြီးဘူတာ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ခရီးသွားပြည်သူများ တောင်ကြီးမြို့၏ သာယာလှပသောရှုခင်းများကို စိတ်ချမ်းမြေ့စွာကြည့်ရှုခံစားနိုင်ရန် တောင်ကြီး-ပေါမူ၊ ပေါမူ-တောင်ကြီး ရထားခရီးစဉ်ကို ယနေ့တွင် အခမဲ့ပြေးဆွဲပေးခဲ့ပြီး အောက်တိုဘာ ၂၉ ရက်တွင်လည်း ထပ်မံပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီး-ပေါမူ ခရီးစဉ်မှာ (၁၁ ဒသမ ၄၁)မိုင် ကွာဝေးပြီး ပြေးဆွဲချိန် ၁ နာရီခွဲခန့်ကြာမြင့်၍ လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီးဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ်ဘူတာ၌(၁၅)မိနစ် ရပ်တန့်ပေးကာ ပေါမူဘူတာသို့ရောက်ရှိချိန်တွင် တွဲရွှေ့ပြုလုပ်ချိန် (၁)နာရီ ရပ်တန့်ပေးခဲ့သည်။ ပြေးဆွဲသည့် ရထား တွဲဆိုင်းမှာ မြင်းကောင်ရေ အား(၂၀၀၀) စက်ခေါင်းဖြင့် အထက်တန်း(၂)တွဲ၊ ရိုးရိုးတန်း(၃)တွဲနှင့် ရထားထိန်းတွဲ (၁)တွဲတို့ ဖြင့်ပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်။
ခရီးစဉ်၌ မြန်မာ့မီးရထားမှတာဝန်ရှိသူများ၊ တောင်ကြီးအခြေစိုက် ခရီးသွားကုမ္ပဏီများဖြစ်သည့် Eastern Breeze Co;Ltd နှင့် Silver Mountain UTZ Co;Ltd တို့မှ တာဝန်ရှိသူများ၊ ကလောအခြေစိုက် ခရီးသွားကုမ္ပဏီများဖြစ်သည့် Phone Nyan Co;Ltd တို့မှ တာဝန်ရှိသူများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း(၂၂၅)ဦး လိုက်ပါစီးနင်း ခဲ့ကြောင်း သိရသည်။
နောင်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ အဆိုပါ တောင်ကြီး-ပေါမူ အသွား/အပြန် ခရီးစဉ်အတွက် နှုန်းထားသတ်မှတ်ပြီး ပြေးဆွဲပေးရန်စီစဉ်ထားရှိပြီး ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့်ဝန်ဆောင် မှုလုပ်ငန်းများမှ ရထားအဆိုင်းလိုက်(တစ်စီးလုံး) ငှားရမ်းလိုပါကလည်း စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်၍ စိတ်လက်အေးချမ်းပျော်ရွှင်စွာရထားစီးပြီး အပန်းဖြေသွားလာနိုင်ရန် စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။
(သတင်းစဉ်)