နေပြည်တော်၊ အောက်တိုဘာ၂၈
သား,ငါး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ စီမံကိန်းများချမှတ်ဆောင်ရွက်ရာတွင် အခြေခံစာရင်းဇယား ကိန်းဂဏန်းများ မှန်ကန်စေရန်အတွက် နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးဗဟိုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ကော်မတီဝင်များ တက်ရောက်ကြပြီး ဆက်စပ်ဌာနများမှ ကော်မတီဝင်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး က ၂၀၁၈ ခုနှစ် နိုင်ငံတော်အဆင့် တိရစ္ဆာန် ကောင်ရေစာရင်းကောက်ယူခြင်း (National Livestock Baseline Survey) ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနအသီးသီး၏ ပူးပေါင်းမှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် ပြောင်းလဲနေသည့် မွေးမြူရေးတိရစ္ဆာန် ကောင်ရေများကို မှန်းဆနိုင်ရန် နှစ်စဉ် ကြားဖြတ်ကောင်ရေစာရင်းများကို ကောက်ယူခဲ့ပြီး ယခုနှစ်တွင် နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို ဒုတိယအကြိမ်အဖြစ် တိုင်းဒေသကြီး ပြည်နယ် (၁၃) ခု၊ မြို့နယ်ပေါင်း (၂၁၄) မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စာရင်းကောက် ကာလကို ၂၀၂၃ နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန် လုပ်ငန်းစီမံချက် ရေးဆွဲ ထားရှိပြီး ဗဟိုအဆင့် ကော်မတီ၊ တိုင်းဒေသကြီး ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ်အဆင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိပြီး ဖြစ်၍ လုပ်ငန်းများ အောင်မြင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား သည်။
ဆက်လက်၍ ဗဟိုကော်မတီ အတွင်းရေးမှူး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ပထမအကြိမ် အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု ရှေ့ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများ က သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးညှိနှိုင်း တင်ပြခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)