နေပြည်တော်၊ အောက်တိုဘာ ၂၉
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ယခုနှစ် ဩဂုတ် ၁ ရက် ဒုတိယဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ရေစက်ချ အောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာ အခမ်းအနားများကို နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကာ နေ့ထူးနေ့မြတ် အခါသမယများတွင် အထူးစည်ကား များပြားလျက်ရှိသည်ကို တွေ့ရှိရသည်။
ယနေ့သည် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) ဖြစ်ပြီး ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင် အများပြည်သူရုံးပိတ်ရက် ဖြစ်သည်နှင့်အညီ နိုင်ငံတော်တစ်ဝန်းလုံးရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီး ကျောင်းများ၌ ဘုရားဖူး ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများ၊ ဥပုသ်သီတင်းဆောက်တည် ကြသူများဖြင့် အထူးစည်ကား လျက်ရှိသည်။

ထို့ပြင် ဘုရားဖူးရဟန်း၊ ရှင်လူ ပြည်သူများနှင့် ဘိုးဘွားများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြပြီး ခုနစ်ရက်သားသမီး အလှူရှင်များအနေဖြင့်လည်း ဘုရားဖူးလာသူများကို အာဟာရဒါန စတုဒိသာများဖြင့် ကျွေးမွေးလှူဒါန်းလျက်ရှိသည်ကို တွေ့မြင်ရသည်။
ထိုသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူး ရဟန်း၊ ရှင်လူ ပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီးထွန်းညှိပူဇော်ခြင်းများ၊ မီးပုံများလွှတ်တင်ပူဇော်ခြင်းများ၊ လျှပ်ပန်းရောင်စုံ LED မီးပန်းစုံတို့ဖြင့် ပူဇော်ခြင်း၊ ဝတ်ရွတ်အသင်းများက ဝတ်ရွတ်ပူဇော်ခြင်းနှင့် မီးပုံးပျံများလွှတ်တင်ခြင်းကို ဆောင်ရွက်ကြသည်။
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော် ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူး လာရောက်သူများဖြင့် နေ့စဉ်မပြတ် စည်ကားလျက်ရှိကြောင်း၊ ယနေ့သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်လည်း ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူ ၆၈၀၈၁ ဦး လာရောက်ဖူးမြော် ကြည်ညိုခဲ့ကြောင်း၊ မြန်မာတို့၏ နေ့ထူးနေ့မြတ်များနှင့် အခါကြီး ရက်ကြီးနေ့များတွင်လည်း ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရှိရပြီး စတင်ဖူးမြော်ခွင့်ပေးခဲ့သည့် နေ့မှစ၍ ယနေ့အထိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော် ကြည်ညိုသူ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူ စုစုပေါင်း ၉၆၆၇၁၃ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်