မန္တလေး၊ အောက်တိုဘာ ၂၉
ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက် အသီးသီးရှိ စေတီပုထိုးများနှင့် ဓမ္မာရုံများ၌ မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြပြီး ညပိုင်းတွင်ဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်၍ မီးထွန်းပွဲတော် အစီအစဉ်များကျင်းပကာ မြို့လုံးအနှံ့ စည်ကားလျက်ရှိသည်။
ဆက်ကပ်လှူဒါန်း
မန္တလေးပြည်သူများသည် ဒေသ၏ ကုသိုလ်ကောင်းမှုပြုလုပ်ကြသည့် ဓလေ့ထုံးစံအတိုင်း နံနက်အရုဏ်တက်တွင် မဟာမုနိဘုရားကြီးသို့ ဦးခိုက်ပူဇော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးများနှင့် ရွှေသင်္ကန်း များကို ဆက်ကပ်လှူဒါန်းကြပြီး မြို့တွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်ကြသည့် ရွှေကျီးမြင်မြတ်စွာဘုရား၊ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရား၊ ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားများအပြင်၊ အောင်တော်မူဘုရား၊ ကျောက်စိမ်းစေတီတို့တွင်လည်း ကုသိုလ်ပြုကြသူများ၊ ဘုရားစေတီများ၏ အေးချမ်းသည့် အရိပ်အာဝါသအောက်တွင် တရားဘာဝနာပွားများကြသူများကို တွေ့မြင်ရသည်။
ထို့အတူ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားတို့၏ ဘုရားသုံးဆူ ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကိုလည်း အစဉ်အလာမပျက် ကျင်းပလျက်ရှိရာ ယနေ့သီတင်းကျွတ်လပြည့်နေ့တွင် အလှူရှင်ပြည်သူများနှင့် ဘာသာရေးအသင်းအဖွဲ့ အသီးသီးတို့က ဆွမ်းတော်ကြီးကပ်လှူခြင်း၊ ပန်း၊ ရေချမ်း၊ လျှပ်စစ်မီး၊ ဖယောင်းတိုင်၊ ဆီမီးထွန်းညှိပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပြီး ညပိုင်းတွင်ပွဲတော်လာပြည်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။
အလားတူ သီတင်းကျွတ်လပြည့် ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာ့ရိုးရာသီတင်းကျွတ် မီးထွန်းပွဲတော်ကို မန္တလေးနန်းမြို့ရိုး အရှေ့ဘက်ခြမ်းရှိ ရတနာပုံဥယျာဉ် (၆၆လမ်း၊ ၁၂ လမ်းမှ ၂၆ လမ်းကြား)နေရာတွင် ကျင်းပပြီး စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံပြီး နိုင်ငံကျော် အနုပညာရှင်များပါဝင်သည့် တေးဂီတအဖွဲ့အပြင် ကျောက်ဆည်ဆင်အက၊ ရိုးရာခြင်းလုံးအလှခတ် စသည့်ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကာ ဆီမီး ၅၀၀၀ ထွန်းညှိ ပူဇော်ခြင်း၊ ဆီမီးရေမျှောခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ လာရောက်ပါဝင်ဆင်နွှဲသူများဖြင့် အထူးစည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ထို့ပြင် မန္တလေးမြို့တွင်းရှိ အထင်ကရဘုရားများနှင့် ရပ်ကွက်အတွင်းရှိ ဘုရား၊ စေတီများ၊ ဓမ္မာရုံများနှင့် နေအိမ်များတွင် မြတ်စွာဘုရားရှင်ကို ရည်မှန်း၍ ဆီမီးထွန်းညှိပူဇော်ကြခြင်း၊ ကလေးငယ်များက မီးရှူးမီးပန်းများနှင့် မီးပုံးအရုပ်များဖြင့် ပျော်ရွှင်စွာ ဆော့ကစားခြင်းများအပြင် မိသားစုအလိုက် မိဘ၊ ဆရာသမားများအား လိုက်လံဂါရဝပြု ကန်တော့ခြင်းများဖြင့် ရိုးရာယဉ်ကျေးမှုဓလေ့ပုံရိပ်ကို ပီပြင်စွာ ဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
မောင်အေးချမ်း