နေပြည်တော်၊ အောက်တိုဘာ ၂၉

 

မြတ်စွာဘုရားရှင်အား ဆီမီးတန်ဆောင် ထွန်းညှိပူဇော်ခြင်းဟူသော အစဉ်အလာအတိုင်း သီတင်းကျွတ် လပြည့်နေ့တွင် မီးထွန်းပွဲပြုလုပ်ကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌ နေပြည်တော်ကောင်စီက ကြီးမှူး၍ ဆီမီး ၃၆၀၀ ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်ပွဲကို ယနေ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) ညနေ ၆ နာရီ၌ ကျင်းပသည်။

 

အဆိုပါ ဆီမီး ၃၆၀၀ ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်ပွဲသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့နှင့် ဝတ်ရွတ်အသင်းအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ  လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူ များဖြင့် စည်ကားသိုက်မြိုက်စွာ ဆီမီးထွန်းညှိပူဇော်ကြပြီး မီးပုံးပျံများ လွှတ်တင်ပူဇော်ကြသည်။

 

မီးပုံးပျံလွှတ်တင်

 

ထိုသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးရဟန်း၊ ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်း ရင်ပြင်၊ မာရဝိဇယကျောင်းတော်၊   အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိ ခေါင်းလောင်း တော်နှင့် ကျောက်စာရုံစေတီတော်များ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီးထွန်းညှိ ပူဇော်ခြင်းများ၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)