နေပြည်တော်၊ အောက်တိုဘာ ၃၀
မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုသိရှိလာရောက် လည်ပတ်စေရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများကို ရုရှားခရီးသွားဈေးကွက်တွင် မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီး ကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip-FAM Trip) အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခဲ့သည့် ခရီးစဉ်တွင် လိုက်ပါခဲ့ကြသော ရုရှားခရီးသွားကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium Hotel Royal Lake Yangon ၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ညီနောင် အသင်းများမှာ တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားမစတင်မီ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-ရုရှားနှစ်နိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးနေမှုကို လှည့်လည်ကြည့်ရှုကာ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ လိုင်စင်ရပြည်ပခရီးစဉ်ဆောင်ရွက်သူများ၊ သတင်းနှင့် ရုပ်သံဌာနတို့မှ ကိုယ်စားလှယ် (၄၃) ဦးနှင့် မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီ (၆၀) ကျော်မှ လုပ်ငန်းရှင်များ အချင်းချင်းတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေးဗီဒီယိုကို ပြသပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့သည် နှစ်နိုင်ငံအပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုများနှင့် အကျိုးရှိသည့် ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာတွင် ခရီးသွားလုပ်ငန်းသည်လည်း ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေပါကြောင်း၊ ရုရှားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စေရေးအတွက် Welcome Russia Program in Myanmar အစီအစဉ် ကို ဆောင်ရွက်လျက်ရှိပြီး ထိုအစီအစဉ်၏ ကနဦးကြိုးပမ်းမှုအနေဖြင့် မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းနှင့် ပူးပေါင်း၍ ယခုကဲ့သို့ ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်(FAM Trip) ကို စီစဉ်ခဲ့ခြင်းဖြစ်ပါကြောင်း။
ယခုအစီအစဉ်တွင်လိုက်ပါခဲ့ကြသည့် ကိုယ်စားလှယ်များအနေနှင့် မြန်မာနိုင်ငံ၏ ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသများဖြစ်သည့် မန္တလေး၊ ပုဂံ၊ ရန်ကုန်၊ ကော့သောင်း၊ ငပလီ၊ ငွေဆောင်၊ အင်းလေးစသည့် ခရီးစဉ်ဒေသများကို သွားရောက်လည်ပတ်ခဲ့ကြပြီးဖြစ်၍ မြန်မာနိုင်ငံ၏ သဘာဝအလှအပများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရသည့်အတွက် သဘောကျနှစ်သက်မည်ဟု ယုံကြည်ပါကြောင်း၊ ရုရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ၏ အလွန်လှပသည့် ရှုခင်းများ၊ ရှေးဟောင်း အဆောက်အအုံများ၊ ဒေသခံများ၏ နေထိုင်မှုဘဝပုံစံများနှင့် ထူးခြားသည့် ယဉ်ကျေးမှုများကို ခံစားကြည့်ရှုခွင့်မရသေးသူများ သိရှိခံစားလိုစိတ် ဖြစ်ပေါ်လာအောင် သတင်းစကားများ၊ ဓါတ်ပုံများဖြင့် လူမှုကွန်ယက်မီဒီယာများမှတဆင့် ဖြန့်ဝေပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံချစ်ကြည်ရင်းနှီးမှု (၇၅) နှစ် ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ရုရှားအော်သို ဒေါ့ခရစ်ယာန် ဘုရားကျောင်း တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ယခု ခရီးစဉ်တွင် လေ့လာလည်ပတ်ခဲ့ကြသည့် မြန်မာနိုင်ငံ၏ ခရီးစဉ်အသီးသီးနှင့် ရုရှား နိုင်ငံသားများကို ဆွဲဆောင်နိုင်မည့် အပြုသဘောဆောင်သည့် အကြံပြုချက်များကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် ရုရှား နိုင်ငံသားများအတွက် ဆွဲဆောင်မှုရှိသော မြို့ဖြစ်အောင် လိုအပ်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် တတ်စွမ်းသရွေ့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှကိုယ်စားလှယ်တစ်ဦးနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က အမှာစကားများပြောကြားပြီး FAM Trip ခရီးစဉ်သွားရောက် လည်ပတ်ခဲ့ကြသည့် ခရီးသည်များကိုယ်စား ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြကာ သိရှိလိုသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြသည်။
ယင်းနောက် ရုရှားခရီးသွားကိုယ်စားလှယ်များကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်