နယူးဒေလီ၊ အောက်တိုဘာ ၃၀

 

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒါရာပရာဒေ့ရှ် ပြည်နယ်၌ ရထားနှစ်စင်းတိုက်မိခဲ့ရာ အနည်းဆုံး ၁၁ ဦး သေဆုံးပြီး  ၅၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားသည်။

 

အောက်တိုဘာ ၂၉ ရက် ညနေပိုင်းတွင် အန်ဒါရာပရာဒေ့ရှ်ပြည်နယ် မြို့တော် ဗီသာခါပတ်နမ် မြောက်ဘက် ၆၈ ကီလိုမီတာ အကွာတွင်ရှိသော ဗီဇီရီယာနာဂါရမ်ခရိုင်အတွင်းရှိ ရထားလမ်းပိုင်းတစ်ခု၌ ခရီးသည်တင် ရထားတစ်စင်းသည် အချက်ပြမှုကို လိုက်နာမှုမရှိဘဲ ၎င်းအရှေ့မှ ပြေးဆွဲလျက်ရှိသည့် ရထားတစ်စင်းကို ဝင်တိုက်မိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ မတော်တဆမှုကြောင့် ရထားတွဲသုံးတွဲ ပြေးလမ်းချော်သွားခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဘေးအန္တရာယ်တုံ့ပြန်ရေး တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရာနေရာသို့  အလျင်အမြန် ရောက်ရှိခဲ့ကြောင်း  သိရသည်။

 

လက်ရှိအချိန်အထိ ရထားတိုက်မိမှုကြောင့် ၁၁ ဦးသေဆုံးပြီး ၅၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ကယ်ဆယ်ရေး

လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း East Coast မီးရထားဌာန၏   ပြည်သူ့ဆက်ဆံရေးအရာရှိချုပ်   ဘီဆွာဂျစ်ဆာဟုက  ပြောသည်။

 

မတော်တဆမှုကြောင့် ရထားခရီးစဉ် ၁၈ ခုကို ဖျက်သိမ်းခဲ့ပြီး ရထား ၂၂ စင်းကို လမ်းကြောင်းပြောင်းခဲ့ရကြောင်း ဆာဟုက ပြောကြားသည်။

 

မတော်တဆမှုအတွင်း သေဆုံးသူများ၏ မိသားစုများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ငွေကြေးအကူအညီများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ မီးရထား ဝန်ကြီး အက်ရှ်ဝီနီဗိုင်ရှ်နော်က ကြေညာခဲ့သည်။

 

အိန္ဒိယအရှေ့ပိုင်း ဘီဟာပြည်နယ်တွင် အောက်တိုဘာ ၁၂ ရက်က ခရီးသည်တင် ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ရာ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အောင်ကျော်ကျော်