ဂျေရုဆလင်၊ အောက်တိုဘာ ၃၀

 

ဂါဇာကမ်းမြောင်သို့ ရေပေးဝေသည့် ပိုက်လိုင်းသုံးခုအနက် ဒုတိယမြောက်ပိုက်လိုင်းကို ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း  အစ္စရေးမီဒီယာက ယမန်နေ့က သတင်းဖော်ပြသည်။

 

ဂါဇာကမ်းမြောင်ဒေသရှိ  အစိုးရလှုပ်ရှားမှုများ  ပူးပေါင်းဆောင်ရွက်ရေးမှူးသည် ဒုတိယမြောက် ရေပိုက်လိုင်းကို အောက်တိုဘာ ၂၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

အစ္စရေးက ပေးဝေနေသည့် လက်ရှိရေထောက်ပံ့မှုပမာဏသည် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တို့၏ တိုက်ခိုက်မှု မတိုင်မီ ထောက်ပံ့ပေးခဲ့သည့် ရေပမာဏ၏ တစ်ဝက်ခန့်ရှိကြောင်း သိရသည်။

 

အစ္စရေးသည် ဟားမတ်စ်ထိန်းချုပ်ထားသော ဂါဇာကမ်းမြောင်ကို ပိတ်ဆို့ထားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အောက်တိုဘာ ၉ ရက်က ရေပိုက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။

 

ဂါဇာဒေသ၌ အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အောက်တိုဘာ၂၇ ရက်တွင် ဖုန်းနှင့်အင်တာနက်အပါအဝင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပြတ်တောက်သွားပြီးနောက် ယခုအချိန်တွင် ပြန်လည်ရရှိနေပြီဟု ဂါဇာရှိ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုက ဆိုရှယ်မီဒီယာတွင် ရေးသားထားသည်။

 

လက်ရှိအချိန်အထိ အစ္စရေး-ပါလက်စတိုင်း အပြန်အလှန် စစ်ဆင်နွှဲမှုများကြောင့် ၈၃၀၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ၊

ဘာသာပြန် - အောင်ကျော်ကျော်