နေပြည်တော်၊ အောက်တိုဘာ ၃၀    

 

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား အလစ်အငိုက် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး ထန်တလန်မြို့အတွင်းသို့ ဝင်ရောက်ကာ ငါနဲ့မတူ၊ ငါ့ရန်သူဟု သဘောထား၍ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် နိုင်ငံပိုင် အဆောက်အဦများအား ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ၎င်းအဆောက်အဦများကို အကာအကွယ်ရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကျူးလွန်လျက်ရှိသည့် CNF၊ CDF အမည်ခံအကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation) ကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ထန်တလန်မြို့အား အောက်တိုဘာ ၂၉ ရက်၊ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် တပ်မတော် စစ်ကြောင်းများက အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်။

 

အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှစ၍ မြို့လုံခြုံ ရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော်စစ်ကြောင်းနှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အလစ်အငိုက်တွင် သာလွန်အင်အားဖြင့် ထန်တလန်မြို့အား ဝင်ရောက်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အတတ်နိုင်ဆုံး ကြံ့ကြံ့ခံခုခံသော်လည်း ရာသီဥတုအခြေအနေနှင့် နယ်မြေအခြေအနေအရ မြို့၏ တောင်ဘက်အစွန်နေရာသို့ ခေတ္တဆုတ်ခွာ ခံစစ်ဆင်နွဲခဲ့ရသည်။ ဆက်လက်၍ အကြမ်းဖက်သမားများက မြို့ကိုထိန်းချုပ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝိုင်းဝန်းပိတ်ဆို့လျက် သီးမြစ်ချောင်းကူးတံတားအထိ တဖြေးဖြေး ခြိမ်းခြောက်လာခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ဩဂုတ်လမှစတင်ကာ ပထမအဆင့်အနေဖြင့် ဟားခါးမြို့မှ ၄ မိုင်ခန့်ကွာဝေးသည့် သီးမြစ်ချောင်းကူးတံတားအထိ ကနဦး ခြေကုတ်ရယူ တိုက်ခိုက်သိမ်းပိုက်၍လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် သီးမြစ်ချောင်းကူး တံတားမှတစ်ဆင့် ထန်တလန်မြို့အဝင်နေရာထိ လည်းကောင်း၊ တတိယအဆင့်အနေဖြင့် ထန်တလန်မြို့ နယ် ပြည်သူ့ဆောက်လုပ်ရေးရုံးနှင့် CB Bank နေရာအထိလည်းကောင်း၊ စတုတ္ထနှင့် နောက်ဆုံးအဆင့်အဖြစ် ထန်တလန်မြို့ ဆေးရုံကုန်းနှင့် အခြေခံပညာ အထက်တန်းကျောင်း တို့သို့လည်းကောင်း အဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ခဲ့ရပြီး အကြမ်းဖက်သမားများ သိမ်းယူထားသည့် ထန်တလန်မြို့ လူနေအိမ်များနှင့် အဆောက်အဦများအား ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် အဆင့်ဆင့် ခြေကုတ်ရယူ၍ စနစ်တကျတိုက်ခိုက် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပြီး ရက်ပေါင်း ၉၀ ခန့်အကြာ အောက်တိုဘာလ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့တွင် ထန်တလန်မြို့တစ်မြို့လုံးအား အပြီးတိုင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း အကြမ်းဖက်သမားများအနေဖြင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ဌာနဆိုင်ရာ အဆောက်အဦများတွင် အုတ်များစီ၍ ဘန်ကာသဖွယ်ပြုလုပ်ပြီး တပ်မတော်စစ်ကြောင်းများအား အပြင်းအထန် ပြန်လည်ပစ်ခတ်ခြင်း၊ နီးစပ်ရာ ဦးဆောင်လှုပ်ရှားနေသည့် CNF ၊ CDF အဖွဲ့များမှ ဆိုင်ကယ်၊ ကားများဖြင့် အင်အားဖြည့်တင်းလျက် ပြန်လည်ပစ်ခတ်ခဲ့သည့်အပြင် ဒေသခံပြည်သူများကိုလည်း လူသားတံတိုင်း အဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement -ROE) နှင့်အညီ တိကျစွာလိုက်နာပြီး အရပ်သားပြည်သူများ၊ မြို့တွင်းရှိ ဘာသာရေး အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဌာနဆိုင်ရာ အဆောက်အဦ များအား အတတ်နိုင်ဆုံး ထိခိုက် ပျက်စီးမှု မရှိစေရေးအတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးကို စနစ်တကျဆောင်ရွက်ခဲ့ရသည်။ ထိုသို့ ဆောင်ရွက်ခဲ့မှုကြောင့် အောက်တိုဘာလ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့တွင် အကြမ်းဖက်သမားများသည် ထန်တလန် မြို့အတွင်းရှိ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့ပတ်ဝန်းကျင်တဝိုက် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

CNF၊ CDF အမည်ခံ အကြမ်းဖက်သမားများနှင့် ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၈ လက်နှင့် ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့သည်။

 

CNF၊ CDF အမည်ခံအကြမ်းဖက်သမားများသည် ထန်တလန်မြို့အတွင်းရှိ ဘာသာရေး အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံနှင့် စီးပွားရေးလုပ်ငန်းရုံးများ အပါအဝင် အခိုင်အမာ လူနေအိမ်များတို့၏ ပရိဝုဏ်အတွင်း အုတ်စီဘန်ကာများ အခိုင်အမာတည်ဆောက်လျက် အဆင့်ဆင့်ခုခံခြင်း၊ စာသင်ခန်းများအတွင်းရှိ စာရေးခုံများကို အသုံးပြု၍ အုတ်များစီကာ ဘန်ကာသဖွယ် အခိုင်အမာစခန်း တည်ဆောက်ထားခြင်းအပြင် မြို့နယ်ပြည်သူ့ ဆေးရုံအတွင်း၌လည်း ဘန်ကာများပြုလုပ်၍ ခုခံခဲ့သည့်အနေအထားတို့ကို တွေ့ရှိခဲ့ရသည်။

 

mdn

 

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထန်တလန်မြို့အတွင်း နေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ စာသင်ကျောင်း ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်းများ စသည့် အကြမ်းဖက် သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာမှ စီမံ ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

 

mdn

 

အလားတူ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်၍ KIA ၊ MNDAA ၊ TNLA ပူးပေါင်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများသည် ရှမ်းပြည် နယ်(မြောက်ပိုင်း)နှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင် ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့် နယ်စပ် ဒေသများသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ နယ်မြေခံ တပ်ရင်းဌာနချုပ်နှင့် နယ်မြေလုံခြုံရေးစခန်းများအား တိုက်ခိုက်နှောင့်ယှက်ပစ်ခတ်ခြင်းနှင့် အေးချမ်းစွာ စီးပွားရှာလျက် မိမိတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူများအား အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခြင်း၊ နယ်စပ်ဒေသ ကုန်သွယ်ရေး ပျက်စီးစေရန်နှင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရေး စသည့်နိုင်ငံတော်ပျက်စီးစေလိုသော ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက် ရှိရာ အောက်တိုဘာ ၃၀ ရက်အထိ အပြန်အလှန် ထိတွေ့တိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်