နေပြည်တော် အောက်တိုဘာ ၃၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့တွင် တပ်ကုန်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း မ၌ ပြုလုပ်သည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲဆန္ဒရှင်များက မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ ယင်းတို့ အနေဖြင့် အချိန်တိုအတွင်းမဲပေးစက်ကို နည်းစနစ်တကျ ကိုင်တွယ်နိုင်ခဲ့ပြီး မဲပေးရာတွင် လွယ်ကူရှင်းလင်းစွာ မဲပေးနိုင်ခြင်း၊ မဲရလဒ်များသည်လည်း မှန်ကန်တိကျမှုရှိခြင်း၊ ပယ်မဲမရှိတော့ခြင်း၊ မဲမသမာမှုမပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာ မှုရှိခြင်းတို့ကို လက်တွေ့သိရှိခဲ့ရပြီး မဲပေးစက်အပေါ် ယုံကြည်သဘောကျ နှစ်သက်မှုရှိကြောင်း သိရသည်။
အဆိုပါ လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင် ဒေါက်တာခင်မောင်ထွန်းနှင့် ဦးထွန်းထွန်းမင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်များ၊ ဘုရင့်နောင်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ ကင်းသာကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်း ကျေးရွာအုပ်စု၊ ထုံးဖိုကျေးရွာအုပ်စု၊ အောင်မြေရိပ်သာကျေးရွာအုပ်စု၊ ရွေးစုကျေးရွာအုပ်စု၊ ထန်းတောကြီး ကျေးရွာအုပ်စုနှင့် ရေအေးကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၄၂ ခုမှ မဲဆန္ဒရှင် ပြည်သူများကို ရှင်းလင်းသရုပ်ပြခြင်းနှင့် စမ်းသပ်မဲပေးခြင်းများကို ယနေ့မှနိုဝင်ဘာ ၆ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)