နေပြည်တော် နိုဝင်ဘာ ၁
ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) (Diploma In Accountancy - DA) အမှတ်စဉ်- ၄၃ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၂)နှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းသားများ၊ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး က ယခုသင်တန်းကို နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်မည့် အရည်အချင်းပြည့်ဝသော စာရင်းကျွမ်းကျင်သူများနှင့် စာရင်းပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းသည် နေပြည်တော်၌ ၁၄ ကြိမ်မြောက် ဖွင့်လှစ်သည့်သင်တန်းဖြစ်ပြီး လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းသို့ ဆက်လက်တက်လှမ်းခွင့်ရှိသည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် နိုင်ငံတော်နှင့် ရုံး/ဌာနများမှ အားထားရသော ကျွမ်းကျင်သည့် စာရင်းပညာရှင်များဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင် တန်းကျောင်း၊ နေပြည်တော်သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူး၍ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်နှင့် ရန်ကုန်တို့တွင် ဖွင့်လှစ်ခြင်းဖြစ်ပြီး နေပြည်တော်သင်တန်းကျောင်း၌ သင်တန်းသား ၁၀၅ ဦး၊ ရန်ကုန်သင်တန်းကျောင်း၌ သင်တန်းသား ၅၅ ဦး၊ စုစုပေါင်းသင်တန်းသား ၁၆၀ တို့ကို ဘောဂဗေဒ၊ စာရင်းရေးစာရင်းကိုင်ပညာ၊ စီးပွားရေးသင်္ချာနှင့်စာရင်းအင်းပညာ၊ ကူးသန်း ရောင်းဝယ်ရေး အထွေထွေဗဟုသုတနှင့် စီးပွားရေးဥပဒေဘာသာရပ်များဖြင့် ၁၀ လကြာ တစ်ပြိုင်တည်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်