နေပြည်တော် နိုဝင်ဘာ ၂
သမဝါယမဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ဆောင်ရွက်သည့် စီမံကိန်းပြီး မြောက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ တာဝန်ရှိသူများ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)၊ သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဂုဏ်ပြုစကားပြောကြားကြကာ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် စီမံကိန်းဆိုင်ရာ ဆောင်ရွက်မှုမှတ်တမ်းများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာ၌ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ငရုတ်သီးအခြေခံ တန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ငရုတ်သီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းကို တက်ရောက်ခဲ့ကြသည့် သင်တန်းသူများအနေဖြင့် အိုးမကွာ၊ အိမ်မကွာဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်ပြီး မိသားစုဝင်ငွေ တိုးတက်လာအောင် ကြိုးစားနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်း ထူထောင်ဆောင်ရွက်နိုင်ရန်အတွက် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် သင်တန်းသူ (၅)ဦးကို ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသားများကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သင်တန်းသားတစ်ဦးလျှင် ငွေကျပ် (၁,၃၅၀,၀၀ဝ)နှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်း စုစုပေါင်း ငွေကျပ် (၆,၇၅၀,၀၀၀) တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းများ ကို ပေးအပ်ချီးမြှင့်ကာ သင်တန်းသူများကိုယ်တိုင် ထုတ်လုပ်ခဲ့သော ငရုတ်သီးအခြေခံ တန်းဖိုးမြှင့်ထုတ်ကုန်များကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


