နေပြည်တော် နိုဝင်ဘာ ၂

 

ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက် ထရောနစ် မဲပေးစက် (MEVM) နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ် မဲပေးခြင်းများကို ယနေ့တွင် တတိယနေ့အဖြစ် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ည်။

 

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်နှင့် တာဝန်ရှိ သူများက ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးကြသည်။ မဲပေးစက်၏ထိန်းချုပ်စက် (Control Unit) ကို မဲဆန္ဒရှင်များကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိမဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ်ခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။

 

စမ်းသပ်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအနေဖြင့် အချိန်တိုအတွင်း မဲပေးစက်ကိုနည်းစနစ် တကျကိုင်တွယ် နိုင်ခဲ့ပြီး ရိုးရှင်းလွယ်ကူစွာ မဲပေးနိုင်ခြင်း၊ မဲရလဒ်များ တိုက်ဆိုင်စစ်ဆေးရာတွင် မှန်ကန်တိကျမှုရှိခြင်း၊ ပယ်မဲများ မရှိတော့ခြင်း၊ မဲမသမာမှုမပြုလုပ်နိုင်ခြင်း၊ မဲပေးခြင်းမှသည် မဲရေတွက်ခြင်းအထိ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်ခြင်းတို့ကို လက်တွေ့သိရှိခဲ့ရသည့် အတွက် မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM) အပေါ် ယုံကြည်သဘောကျ နှစ်ခြိုက်မှုရှိစွာ မဲပေးဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ၊ ဆရာစံရပ်ကွက်၊ အနော်ရထာရပ်ကွက်၊ ကံကြီးကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာအုပ်စု၊ ညောင်ကိုင်းကျေးရွာအုပ်စု၊ ကင်မွန်းတန်းကျေးရွာအုပ်စုနှင့် ရှားတောကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)