နေပြည်တော်၊ နိုဝင်ဘာ ၂

 

မြန်မာနိုင်ငံရှိ ရေထွက်ပစ္စည်းများတွင် ပါဝင်သည့် Bacteria ပိုးမွှားများ၊ ဓာတုဆေးဝါးဓာတ်ကြွင်းများ၊ သဘာဝတွင် တွေ့ရသော ဓာတုညစ်ညမ်းမှုများနှင့် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရဓာတ်ခွဲခန်း တွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု (Parameter) အသစ်များ တိုးချဲ့နိုင်ရန်အတွက် လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာ နည်းစနစ်များကို လက်ဆင့်ကမ်းဖြန့်ဝေ၍ မိမိတို့ဝန်ထမ်းများ၏ စွမ်းဆောင် ရည်မြှင့် တင်နိုင်ရေးကို စနစ်တကျဆောင်ရွက် သွားရန်လိုကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ယနေ့ နံနက်ပိုင်းက ကျင်းပသည့် ပြည်ပသင်တန်းအတွေ့အကြုံများ ရှင်းလင်းဆွေးနွေးပွဲတွင်  တာဝန်ရှိ သူများကို မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် တောင်သူများနှင့် တိုက်ရိုက်တွေ့ကာ နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးလျက်ရှိသော မိမိတို့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားတိုးတက်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် စဉ်ဆက်မပြတ် အားပေးဆောင်ရွက် လျက်ရှိ ကြောင်း၊ နို့စားနွားမွေးမြူရေးတွင် ကြုံတွေ့ရ လျက်ရှိသည့် သားမတင်ခြင်း၊ သားပျက်သား လျောခြင်း၊ မည်သည့် ရောဂါတစ်စုံတစ်ရာမှ မတွေ့ရှိရပဲ မေထုန်မဲ့သားစပ်နည်းဖြင့် ၃ ကြိမ်နှင့်အထက် သားစပ်သော်လည်း သားမတင်သောနွားမများနှင့် ပတ်သက်၍ သုတေသနပြုဖော်ထုတ်တွေ့ရှိထားချက် များကို ပညာရှင်များအကြား နည်းပညာမျှဝေဖလှယ်၍ နို့စားနွားမျိုးပွားခြင်းလုပ်ငန်းတွင် သားအောင် နှုန်းများ ပြန်လည်တိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြား သည်။

 

ထို့နောက် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန တို့မှ တက်ရောက်လာကြသည့် ဌာနအကြီးအကဲများနှင့် ပညာရှင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြကြပြီး ဆွေးနွေးပွဲတက်ရောက်လာသူများ၏ မေးမြန်းချက်များကို နည်းပညာရပ်ဆိုင်ရာ အချက် အလက်များဖြင့် ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)