နေပြည်တော် နိုဝင်ဘာ ၂         

 

ဖိလစ်ပိုင်နိုင်ငံ စာရင်းစစ်ချုပ်ရုံး ကော်မရှင်အကြီးအကဲ Mr.Mario G. Lipana ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မနီလာမြို့၌ နိုဝင်ဘာလ ၁ ရက်မှ ၂ ရက်အထိ ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ ဥက္ကဋ္ဌ တာဝန်လွှဲအပ်သည့်  (၇) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (7th ASEANSAI Summit)နှင့် ဆက်စပ်အစည်း အဝေးများသို့ တက်ရောက်ခဲ့သည်။

 

အဆိုပါ ထိပ်သီးအစည်းအဝေးတွင် ASEANSAI အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည့်  ဖိလစ်ပိုင်နိုင်ငံ စာရင်းစစ်ကော်မရှင်ဥက္ကဋ္ဌ  Mr. Gamaliel A. Cordoba က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ASEANSAI ၏ လက်ရှိဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားသည်။

 

ယင်းနောက် ASEANSAI ကော်မတီ အသီးသီး၏ နှစ်စဉ်လုပ်ဆောင်ချက် အစီရင်ခံစာများ၊ ASEANSAI ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းပြင်ဆင်မှုများ၊ စာရင်းစစ်ချုပ်ရုံးများ၏ လွတ်လပ်မှုဆိုင်ရာ ပူးပေါင်းသုတေသန အစီရင်ခံစာနှင့် တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးခြင်းဆိုင်ရာ အခြေခံလမ်းညွှန်တို့နှင့်စပ်လျဉ်းပြီး တင်ပြ ဆွေးနွေးအတည်ပြုကြသည်။

 

ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ ကာလအတွင်း ASEANSAI ၏ လုပ်ငန်းဆောင်ရွက်ချက်များကို စုစည်းပြုစုထားသည့် အထိမ်းအမှတ် မှတ်တမ်းစာအုပ် (ASEANSAI Chairmanship Commemoration Book 2021-2023)ကို ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ စာရင်းစစ်ချုပ်များထံပေးအပ်ပြီး လာမည့် (၂) နှစ်တာကာလအတွက် အဖွဲ့၏အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ရမည့် ဖိလစ်ပိုင်နိုင်ငံ စာရင်းစစ် ကော်မရှင်ဥက္ကဋ္ဌထံသို့ ASEANSAI ၏ ဥက္ကဋ္ဌတာဝန် များကို ASEANSAI အထိမ်းအမှတ်တူ၊ အလံ စသည့် အထိမ်းအမှတ် ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးအပ်သည်။

 

ယင်းထိပ်သီးအစည်းအဝေးသို့ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ အတွင်းရေးမှူးချုပ်၊ အဖွဲ့ဝင် အာဆီယံ(၁၀)နိုင်ငံမှ စာရင်းစစ်ချုပ်များ ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံ များ၏ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ထို့အတူ နိုဝင်ဘာ ၁ ရက်ကလည်း ထိပ်သီးအစည်းအဝေး အောင်မြင်စွာကျင်းပ နိုင်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစည်းအဝေးနှင့် နည်းပညာဆိုင်ရာ ကြိုတင်ညှိနှိုင်းမှု အစည်းအဝေးများသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဦးဆောင်သောအဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)