နေပြည်တော် နိုဝင်ဘာ ၂
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးအုပ်စု၊ ဆောင်တောင်ကြီးကျေးရွာ၌ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ရောက်ရှိနေသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးပြီး ထောက်ပံ့ရေး ပစ္စည်းများ၊ ပန်းခင်းစီမံချက်အရဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံ သား စိစစ်ရေးကတ်ပြားတို့ကို ပေးအပ်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့်အဖွဲ့သည် ဆောင်တောင်ကြီး ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများကို စားသောက်ဖွယ်ရာများဝေမျှ၍ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စာပေသင်ကြားသင်ယူနေမှု အခြေအနေကို မေးမြန်းပြီး လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးစီးသည့်အဖွဲ့သည် ကျေးရွာအဝင်လမ်းနှင့် ရွာလယ်လမ်းမအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးစီးသည့်အဖွဲ့သည် ဆောင်တောင်ကြီး ကျေးရွာ ရွာဦးကျောင်း၌ ဆောင်တောင်ကြီးကျေးရွာ၊ ပြဒါးချောင်းကျေးရွာ၊ မြသီတာကျေးရွာနှင့် ပြည်ရတနာ ကျေးရွာများမှ အုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည် သူလူထုတို့နှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်အရ မြေပြန့်နှင့်တောင်ပေါ်ဒေသ ဒေသဖွံ့ဖြိုးတိုးတက်မှု မြင့်မားမှုမရှိစေရေး အတွက် ပျဉ်းမနားမြို့အရှေ့ဘက်ရှိ တောင်ပေါ်ကျေးရွာ အုပ်စု(၇) အုပ်စုအတွင်းရှိ ကျေးရွာများကို ကွင်းဆင်း၍ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဦးဆောင်သည့် ဌာနဆိုင်ရာ အဖွဲ့သည် ဒေသ ဖွံ့ဖြိုးရေး များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ သောက်သုံးရေ ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့ကို ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည် များကို ပွင့်လင်းစွာတင်ပြကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေ တည်ငြိမ်အေးချမ်း လုံခြုံရေးသည်လည်း အရေးကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထု တစ်သား တည်းရှိရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆောင်တောင်ကြီး ကျေးရွာအုပ်စုမှ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ သုတရသစာအုပ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ ဆေးဝါးများ နှင့် ပန်းခင်း စီမံချက်(၂)ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပေးအပ်ရာ သက်ဆိုင်ရာကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးများနှင့် တာဝန်ရှိသူတို့က လက်ခံရယူကြသည်။
ယင်းနောက် ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများက မိမိတို့ဒေသအတွက် ဆောင်ရွက်ပေး စေလိုသည့် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် အခြားဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ကြပြီး ဆောင်တောင်ကြီး ကျေးရွာဒေသခံ တိုင်းရင်းသား ပြည်သူလူထုကိုယ်စား ဦးအောင်မင်းသူက ကျေးဇူးတင် စကားပြောကြားကာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးစီးသည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာဦးကျောင်းဆရာတော် ဥူးကေသရအား ဖူးမြော်ကြည်ညိုပြီး စားသောက်ကုန်ပစ္စည်းများနှင့် လှူဖွယ် ဝတ္တုများ ဆက်ကပ်လှူဒါန်းသည်။
ထို့ပြင် နေပြည်တော် ကုသရေးဦးစီးဌာန၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျေးလက်နေပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆောင်တောင်ကြီးကျေးရွာ ရွာလယ်လမ်းအား ကွန်ဂရစ်လမ်းခင်းပေးရန် တိုင်းတာခြင်းများဆောင်ရွက်ကြပြီး ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက် (၂) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက် ကြသည်။
(သတင်းစဉ်)


