တိုကျို နိုဝင်ဘာ ၂
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာ ဝါယိုကိုသည် အစ္စရေးနိုင်ငံနှင့် ဂျော်ဒန် နိုင်ငံတို့သို့ သွားရောက်ရန် တိုကျိုမြို့တော် မှ ယနေ့ထွက်ခွာခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခများ အောက်တိုဘာ ၇ ရက် တွင် စတင်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံသို့ ဂျပန်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး၏ ခရီးစဉ်သည် ပထမဆုံး ဖြစ်သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာ ဝါယိုကိုသည် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနှင့် ပါလက်စတိုင်း အာဏာပိုင်တို့ကို နိုဝင်ဘာ ၃ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် နိုဝင်ဘာ ၅ ရက်တွင် ဂျပန်နိုင်ငံသို့ မပြန်မီ ဂျော်ဒန်နိုင်ငံသို့ ဆက်လက်ခရီးထွက်ခွာ မည်ဖြစ်သည်။
ဂါဇာကမ်းမြောင်တွင် အလွန်ဆိုးရွား သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ကို ဆွေးနွေးမည်ဖြစ်ပြီး ပါလက်စတိုင်းကို အကူအညီပေးရန် ဂျပန်နိုင်ငံ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောကြားသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါယိုကိုက အစ္စရေး နိုင်ငံသို့ မထွက်ခွာမီ လေဆိပ်၌သတင်းထောက်များကို ပြောကြားသည်။
ထို့ပြင် ဂါဇာကမ်းမြောင်ရှိ အကြီးဆုံးဒုက္ခသည်စခန်းကို အစ္စရေးတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အပြစ်မဲ့ ပြည်သူများ သေဆုံးရသည့်အတွက် အလွန်ဝမ်းနည်းမိကြောင်း ကာမီကာဝါယိုကိုက ပြောသည်။
အရပ်သားများကို အကာအကွယ်ပေးရန် အရေးကြီးကြောင်း ဂျပန်နိုင်ငံက အစ္စရေးနိုင်ငံကို အလေးပေးပြောကြားထားပြီးဖြစ်ကြောင်းနှင့် နိုင်ငံတကာဥပဒေနှင့်အညီ အရေးယူဆောင်ရွက် ရန်လည်း တောင်းဆိုထားကြောင်း ကာမီကာဝါယိုကိုက ဆက်လက်ပြောသည်။
ဂျပန်နိုင်ငံသည် လာမည့်သီတင်းပတ်တွင် မြို့တော်တိုကျို၌ ဂျီ ၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲမတိုင်မီ အစ္စရေးနှင့် ပါလက်စတိုင်းအရေးနှင့် ပတ်သက်သည့် သတင်း အချက်အလက်ရရှိရန် ကာမီကာဝါယိုကိုက မျှော်လင့်ထားကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်