နေပြည်တော် နိုဝင်ဘာ ၃ 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၄/၂၀၂၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊  ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန အုပ်ချုပ်မှုအောက်ရှိ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဦးစီးအရာရှိ (စက်/လျှပ်)၊  လက်ထောက်အင်ဂျင်နီယာ၊  လက်ထောက်မန်နေဂျာ(အင်/ယာ)၊ ဒု-ဦးစီးမှူး(စက်/လျှပ်)၊ အငယ်တန်းအင်ဂျင်နီယာ (၂)တို့ ကို စာတွေ့/လက်တွေ့၊ လေ့လာရေး ခရီးစဉ်များနှင့်အတူ (၅)ပတ်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုနိုင်ရန်အတွက် လျှပ်စစ်ဆိုင်ရာ စာတွေ့/ လက်တွေ့ပညာ ရပ်များ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များကို သင်ကြားပို့ချပေးခဲ့ပြီးဖြစ်သည့်အတွက် လက်တွေ့နယ်ပယ်တွင်ထိရောက်စွာ အသုံးပြုသွား ရန်လိုကြောင်း၊ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်လည်း စနစ်တကျ ရှိစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်အညီ ချင့်ချိန်ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူလုပ်ငန်းများ ကြန့်ကြာမှု မရှိစေရေး တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်သွားရန်နှင့် Check ၊ Recheck၊ Counter Check ဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ နေ့စဉ် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို Check List များထား၍ ဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းမှရရှိသည့် အသိပညာ၊ အတွေ့အကြုံကောင်းများကို ဆက်လက်လေ့လာဆည်းပူးရင်း ပြည်သူကို လျှပ်စစ် ဓာတ်အားဖြင့် အကျိုးပြုနိုင်ပြီး နိုင်ငံတော်၏အကျိုးကို ကောင်းမွန်စွာ သယ်ပိုးဆောင်ရွက်နိုင်သည့် အင်ဂျင်နီယာကောင်းများ ဖြစ်လာကြစေရန် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ထူးချွန်ဆု  ရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ပြီး ဌာနအကြီးအကဲများက သင်တန်းသားများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်