နေပြည်တော် နိုဝင်ဘာ ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေနှင့် သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းစုကျေးရွာ အုပ်စု၊ ရုံးတောကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ရွှေဝါထွန်း(၂)စိုက်ပျိုး ထုတ်လုပ်ရေးသမဝါ ယမအသင်းလီမိတက် အသင်းသားများနှင့် တွေ့ဆုံပြီး ကျေးရွာ၏ ရေမြေသဘာဝအခြေအနေအရ ရုံးတောကျေးရွာသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကို အခြေခံသည့် ကျေးရွာဖြစ်သည့်အတွက် ကျေးလက်နေ တစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး မိုးသီးစပါးအပြီး ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံပြီးပါက နွေသီးနှံများ သီးထပ်(၃)သီး စိုက်ပျိုးနိုင်ရေး၊ နိုင်ငံတော် အစိုးရက နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေ ဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အထွက်နှုန်းတိုးရေးအတွက် အမှန်တကယ် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများအပြင် အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါး မျိုးများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ တစ်ဧက အထွက်နှုန်း တိုးတက်မှသာ တောင်သူများ ဝင်ငွေတိုးပွားနိုင်မည်ဖြစ်ကြောင်း လိုအပ်သည့် စိုက်ပျိုး နည်းစနစ်နှင့် စိုက်ပျိုးရေ ရရှိရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းလီမိတက် အသင်းပိုင်စိုက်ပျိုးမြေပေါ်တွင် သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထား သော မိုးစပါးများ ဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စိတ်တူကိုယ်တူ အသင်သားများညှိနှိုင်း၍ တစ်ဆက်တစ်စပ်တည်း အထွက်တိုး မျိုးများကိုသာ စုပေါင်းစိုက်ပျိုးခြင်း၊ ထွက်ရှိလာသော မိုးစပါးများအား စုပေါင်းရောင်းချခြင်း၊ ဈေးနှုန်းမှန်ကန်စွာရရှိရေးဆောင်ရွက်ပြီး Refund များ ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် အသင်းသားများနှင့် ညှိနှိုင်းပြီး အကျိုး အမြတ်များကို ညီတူမျှတူခွဲဝေ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်