နေပြည်တော် နိုဝင်ဘာ ၃
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေး အတွက် ဆောင်ရွက်မည့် နည်းလမ်းများ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီ၏ တတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ SOP ရေးဆွဲပြုစုရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဦးစီးကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စံလုပ်ထုံးလုပ်နည်း(SOP)တွင် မြို့/ရွာ နယ်နိမိတ်အတွင်း ကျရောက်ခြင်း၊ မြို့/ရွာ နယ်နိမိတ်အပြင် တည်ရှိခြင်းအား စိစစ်ပိုင်းခြား မည့်အချက်ကို တိတိကျကျ ထည့်သွင်းဖော်ပြရန် လိုအပ်မည်ဖြစ်ကြောင်း၊ နောက်ထပ်မံ မဖြစ်ပွားစေရေးအတွက် ယခင်ဖြစ်ပွားခဲ့သော ကျူးလွန် အသုံးပြုမှုများကို ဒဏ်ကြေး ပြစ်ဒဏ် ချမှတ်ရာတွင်လည်း ထိရောက်ဟန့်တားလောက်သည့် ဒဏ်ကြေးငွေပမာဏ သတ်မှတ်ရန် လိုအပ်ကြောင်း၊ အလားတူ ချမှတ်သည့် ပြစ်ဒဏ်အမိန့်ကို လိုက်နာဆောင်ရွက်မှုမရှိပါက လယ်ယာမြေအား နိုင်ငံပိုင်သိမ်းဆည်းနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များကိုလည်း ထည့်သွင်းဆွေးနွေးပေးကြစေလိုကြောင်း။
လာမည့်ကာလများတွင် လယ်ယာမြေကို စည်းကမ်းတစ်စုံတစ်ရာ ဖောက်ဖျက် ကျူးလွန် အသုံးပြုမှုကို စတင်တွေ့ရှိသည်နှင့်တစ်ပြိုင်နက်တည်း တာဝန်ရှိသူများက လယ်ယာမြေဥပဒေအရလည်းကောင်း၊ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေအရ လည်းကောင်း၊ အခြားဆက်စပ် ဥပဒေများအရလည်းကောင်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ကြပ်မတ်၍ ချက်ချင်း အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
လက်ရှိကြုံတွေ့နေရသည့် မြေယာကိစ္စများတွင် မှားယွင်းဆောင်ရွက်ခဲ့မှုများ၊ ရောင်းမှားဝယ်မှား ဖြစ်ခဲ့မှုများရှိသကဲ့သို့ ဥပဒေကို သိလျက် စီးပွားရေးအရ အမြတ်ထုတ်လိုမှုကြောင့် ဆောင်ရွက်ထားမှုများလည်းတွေ့ရှိရကြောင်း၊ ပြည်သူလူထုအနေဖြင့် ဥပဒေ စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာကြရန်နှင့် ဌာနဆိုင်ရာ အသီးသီးက တိကျစွာကြပ်မတ် ကျင့်သုံးပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် (SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီ အတွင်းရေးမှူး က စံလုပ်ထုံးလုပ်နည်း (SOP)တွင် ပါဝင်မည့် အချက်အလက်များ ကိုတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်း နှင့် နောင်ထပ်မံ မဖြစ်ပွား စေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်း စံနှုန်း (Standard Operating Procedure –SOP)မူကြမ်း ရေးဆွဲပြုစုခြင်းသည် လယ်ယာမြေများ အပေါ် ဥပဒေမဲ့ လုပ်ဆောင်နေမှုများအား စီမံခန့်ခွဲခြင်းလုပ်ငန်းများကို တည်ဆဲလယ်ယာမြေ ဥပဒေ ၊ ဆက်စပ်ဥပဒေများနှင့်အညီ လွယ်ကူလျှင်မြန်စွာ အရေးယူ ဆောင်ရွက် နိုင်စေရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်