နေပြည်တော် နိုဝင်ဘာ ၄
မြန်မာ့ရေထွက်ကုန်များ ထုတ်လုပ်တင်ပို့မှုတိုးတက်လာရန် ပုဂ္ဂလိက ကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးနှင့် လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တအောင်ကြီး နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွင်းဆင်းဆောင်ရွက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် လှိုင်သာယာမြို့နယ် Gallant Ocean Trading Co.,Ltd အအေးခန်းစက်ရုံ၌ ပြည်ပပို့ကုန် ကဏန်းနှင့် ပုစွန် ကုန်ချောထုတ်လုပ်နေမှုနှင့် ပြည်ပတင်ပို့နေမှုကို ကြည့်ရှုစစ်ဆေးပြီး စားသုံးသူများ ဘေးကင်းလုံခြုံရေး၊ ပို့ကုန်စံချိန်စံညွှန်းများ ကိုက်ညီရေးအတွက် တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ကမ်းဝေး ငါးဖမ်းငါးသယ် ရေယာဉ်များ စောင့်ကြည့်ထိန်းချုပ်မှုစင်တာ (VMS Sub- Control Center)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ကမ်းဝေး ငါးဖမ်းငါးသယ်ရေယာဉ်များ တွင် VMS တပ်ဆင်ထားရှိမှုနှင့် ကမ်းဝေး(တရွတ်ဆွဲ) ငါးဖမ်းရေယာဉ်များတွင် TeDs တပ်ဆင်ထားရှိမှုတို့ကို စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် ၊ ပင်လယ်ပြင်ရေလုပ်သားများ အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းများ၌ VMS ဆိုင်ရာ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ် ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး သို့ရောက်ရှိပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအသင်းချုပ်မှ တာဝန်ရှိသူများ၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သားငါးရိက္ခာ ဖူလုံ ပိုလျှံရေး ၊ ဒေသငါးမျိုးစိတ်များ ထိန်းသိမ်းရေး နှင့် တိုးချဲ့မွေးမြူရေး၊ ခိုင်မာသည့် စျေးကွက်ရရှိရေးနှင့် ပြည်ပဈေးကွက် တိုးချဲ့ရေး ၊ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသည့် ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများနှင့်အညီ ဆောင်ရွက်ရန်၊ သဘာဝ ငါးသယံဇာတ အရင်းအမြစ်များကို ဖမ်းဆီးထုတ်လုပ်ခြင်းထက် မွေးမြူထုတ်လုပ်မှုကို အလေးထားဆောင်ရွက်ရန်၊ စားသုံးသူ ဘေးကင်း လုံခြုံရေးနှင့် ပြည်ပတင်ပို့ရာတွင် လိုက်နာရမည့် စံချိန်စံညွှန်းများကို လုပ်ငန်းရှင်များ ဘက်က တိကျစွာ လိုက်နာဆောင်ရွက်ရန် ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး နှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) များနှင့်အညီ ထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်