နေပြည်တော် နိုဝင်ဘာ ၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ပဉ္စမထပ်ရှိ ညီလာခံခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က ပုဂ္ဂလိကကဏ္ဍအသီးသီးရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုဆိုင်ရာလုပ်ထုံး လုပ်နည်းများကိုသိရှိနားလည်ပြီး နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် သိသင့်သိထိုက်သော ကုန်သွယ်မှုဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်သစ်များနှင့် ကုန်သည်စီးပွားရေးလုပ်ငန်းရှင်သစ်များ မွေးထုတ်ပေးရန်၊ ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။
ကုန်သွယ်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံတကာ ငွေကြေးပေးချေမှု ဆိုင်ရာလုပ်ငန်းများ၊ အကောက်ခွန်ဆိုင်ရာလုပ်ငန်းများ၊ ကုန်ပစ္စည်းအရည်အသွေးဆိုင်ရာလုပ်ငန်းများ၊ မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများနှင့် ကုန်ပစ္စည်းအရည်အသွေးပိုင်းဆိုင်ရာ လုပ်ငန်းများစသည့် လုပ်ငန်းနယ်ပယ် အသီးသီးရှိ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို အလေးထားသင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၉၇) ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှ ရက်သတ္တ (၁၂)ပတ် ကြာမြင့်မည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ မြန်မာနိုင်ငံသားများဘဏ်လီမိတက်(MCB) တွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဘဏ်လုပ်ငန်းများ လွယ်ကူလွယ်ကူလျင်မြန်ချောမွေ့စေရေးတို့ကိုမှာ ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ကမ်းနားလမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီးရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းများ လီမိတက် (MITS)မှ တာဝန်ရှိသူများကိုတွေ့ဆုံ၍ အသင်းအနေဖြင့် ကုန်ပစ္စည်းများ အရည်အသွေးစမ်းသပ် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်သည်လုပ်ငန်းရှင်များ၏ ယုံကြည်အားကိုးမှု ရရှိစေရန် ရိုးသားမှုဘက်မလိုက်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်သိမှုစသည့် အချက်များနှင့်ညီအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်ပပို့ကုန်ဖြစ်သည့် ရော်ဘာများ အရည်အသွေးပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်