နေပြည်တော် နိုဝင်ဘာ ၄

လုပ်ငန်းစီမံကိန်း စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ စက်မှုဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ စက်ရုံ/အလုပ်ရုံများမှ စက်ရုံမှူးများ၊ ဒုတိယစက်ရုံမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ ဦးစီးဌာနမှူးများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာန၊ လုပ်ငန်းများအနေဖြင့် လုပ်ငန်း စီမံကိန်းများ အကောင်အထည်ဖော်ရာတွင်  စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း၊ သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များကို သိရှိနားလည် သဘောပေါက်ပြီး လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ စီမံကိန်းလုပ်ငန်းများ ကို အမှားအယွင်း ကင်းရှင်းစွာဖြင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသို့ တက်ရောက်လာကြသည့် အရာရှိများအနေဖြင့် ရှင်းလင်းဆွေးနွေး ပို့ချချက်များကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချနိုင်သည်အထိ နာယူမှတ်သား ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယစာရင်းစစ်ချုပ်က စီမံကိန်းစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် စီမံကိန်း အောင်မြင်မှုသော့ချက်များ ခေါင်းစဉ်ဖြင့် စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်မှုဆိုင်ရာ အချက်အလက်များ စစ်ဆေးခြင်း၊ လုပ်ငန်းစီမံကိန်းများနှင့်သက်ဆိုင်သည့် စစ်ဆေးတွေ့ရှိချက်များ၊ အကြုံပြုတင်ပြချက်၊ စီမံကိန်းလုပ်ငန်း စဉ်အဆင့်များ၊ စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ အခြေခံမူများ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ စိစစ်အကဲဖြတ်ခြင်း၊ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများအား အကဲဖြတ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက် ရောက်မှုများအား အကဲဖြတ်ခြင်း၊ စီမံကိန်းအား စောင့်ကြည့်ကြီးကြပ်ရမည့် အေဂျင်စီများ၊ ယူနစ်များသတ်မှတ်မှုနှင့်တာဝန်များ၊ စီမံကိန်းအစီအ စဉ်ရေးဆွဲရာတွင် ပါဝင်ရမည့် အချက်များ၊ စီမံကိန်းဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ချက် အစီရင်ခံစာတွင်  ပါဝင်ရမည့် အချက်များ၊ စီမံကိန်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ရန်ပုံငွေရရှိမှု၊ စီမံကိန်း အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကွပ်ကဲခြင်းနှင့်အကဲဖြတ်ခြင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအရ စီမံကိန်းလုပ်ငန်းများ စစ်ဆေးမှု၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဆောင်ရွက်လျက်ရှိသည့် စစ်ဆေးရေး အမျိုးအစားများ၊ စီမံကိန်းများအား စစ်ဆေးရာတွင် အသုံးပြုသည့်အချက်အလက်များကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး ဒုတိယစာရင်းစစ်ချုပ်က အသေးစိတ် ပြန်လည်ရှင်း လင်းဆွေးနွေးသည်။

ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစီမံကိန်းကြီးများ၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပိုမိုနား လည်တတ်ကျွမ်းစေရန်နှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ စာရင်း စစ်ချုပ်ရုံးမှ ကန့်ကွက်ချက်များ မဖြစ် ပေါ်စေရေးအတွက်  လုပ်ငန်းစီမံကိန်း စီမံခန့်ခွဲမှု (Project Management) ဘာသာရပ်သင်တန်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ညှိနှိုင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်