နေပြည်တော် နိုဝင်ဘာ ၄
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံ (၂၀၂၃) ဒုတိယနေ့ ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပသည်။
ညီလာခံဒုတိယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် သွားဘက်ဆိုင်ရာ ဆေးပညာရှင်များ၏ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ တက်ရောက်အားပေးပြီး သဘာပတိနှင့်ဆွေးနွေးဟောပြောသူများကို မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်သည်။
အလားတူ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း သည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာရွှေတိုး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာကျော်သီဟ နှင့် ထိုင်းနိုင်ငံ Faculty of Dentistry, Khon Kaen University မှ Dean Professor Ajiravudh Subarnbhesaj တို့အကြား ဆေးလက်တွေ့အသိပညာဖလှယ်ရေး၊ သင်ကြားရေးနှင့် သွားနှင့်ခံတွင်းဆေးပညာ သုတေသနလုပ်ငန်းများကို ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (MOU) သက်တမ်းတိုး လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ တက်ရောက်သည်။
ထို့ပြင် ညီလာခံဒုတိယနေ့၌ ကိုရီးယားသမ္မတနိုင်ငံမှ Korea University Medicine မှ ပါမောက္ခများ က သွားမြစ်တုအစားထိုး ကုသမှုများ ကိုလည်းကောင်း၊ ဂျပန်နိုင်ငံ၊ Japan Heart Foundation မှ ပါမောက္ခက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများခွဲစိတ်ကုသခြင်း အကြောင်းနှင့် မလေးရှားနိုင်ငံ၊ International Medical University မှ သွားနှင့်ခံတွင်းခွဲစိတ် ဆရာဝန်က မျက်နှာ၊ မေးရိုးနှင့်ခံတွင်းခွဲစိတ် ကုသမှုများအကြောင်းတို့ကို ဆွေးနွေးတင်ပြ ကြသည်။
ထို့အတူ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာပိုင်စိုး နှင့် အဖွဲ့ဝင်ပါမောက္ခ ဒေါက်တာမျိုးဝင်း တို့က သွားနှင့်ခံတွင်း ဆရာဝန်များ၏ ကျင့်ဝတ်သိက္ခာနှင့် ပတ်သက်၍လည်းကောင်း၊ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်(မန္တလေး)မှ ပါမောက္ခဒေါက်တာအောင်သူဟိန်း၊ ပါမောက္ခဒေါက်တာဇော်မိုးဟိန်း၊ ပါမောက္ခဒေါက်တာအောင်သိန်းထွန်း၊ ပါမောက္ခဒေါက်တာကျော်တင့်၊ ပါမောက္ခဒေါက်တာကိုကိုစိုး၊ ပါမောက္ခ ဒေါက်တာအောင်ဝင်းနှင့် ဆေးတက္ကသိုလ် (၁)ရန်ကုန်မှ ပါမောက္ခဒေါက်တာ လှမျိုးနိုင် တို့က မေးရိုးနှင့် သွားနှင့်ခံတွင်းဆေးပညာဆိုင်ရာ ဆွေးနွေး ဟောပြောမှုများကိုဆောင်ရွက်ကြသည်။
ညီလာခံပထမနေ့ မွန်းလွဲပိုင်းကလည်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကုသရေးဦးစီးဌာနနှင့်ကိုရီးယားသမ္မတနိုင်ငံ Korea University Medicine တို့အကြား နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများခွဲစိတ်ကုသခြင်းဆိုင်ရာ ဆေးလက်တွေ့အသိပညာ ဖလှယ်ရေး နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ တက်ရောက်ပြီး မြန်မာနိုင်ငံတွင် နှုတ် ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသခြင်းဆိုင်ရာ လုပ်ငန်းများတိုးမြှင့် ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့်် ကိုရီးယားသမ္မတနိုင်ငံ Korea University Medicine မှ Director Professor Kim Deok-Woo တို့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများခွဲစိတ်ကုသခြင်းဆိုင်ရာ ဆေးလက်တွေ့ အသိပညာဖလှယ်ရေး နားလည်မှုစာချွန်လွှာ(MOU)ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် ညီလာခံ ပထမနေ့၌ ပြည်ပ ပညာရှင်များဖြစ်ကြသော ထိုင်းနိုင်ငံ Khon Kaen University မှ ပါမောက္ခများက မေးရိုးခံတွင်းကင်ဆာနှင့်ပတ်သက်၍ လည်းကောင်း၊ ကလေးသွားများတွင် ဖြစ်တတ်သော မာကျောမှုအဆင့်မမီခြင်းနှင့် ပတ်သက်၍လည်းကောင်း၊
Mahidol University မှ ပါမောက္ခက မျက်နှာ၊ မေးရိုးနှင့်ခံတွင်းခွဲစိတ်ကုသမှုနှင့် ဆန်းသစ်တီ ထွင်မှုများအကြောင်းနှင့် Chulalongkorn University မှ ပါမောက္ခက ခံတွင်းအတွင်းရှိ အဏု ဇီဝပိုးမွှားများအကြောင်းကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့အတူ တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဇော်ဝင်းထွန်းနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခ ဒေါက်တာထွန်းငွေတို့က မေးရိုးနှင့် သွားနှင့်ခံတွင်းဆေးပညာဆိုင်ရာ ဆွေးနွေးဟောပြောမှုများကိုဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံကို “အရည်အသွေးပြည့်..သွားကျန်းမာရေး ပြည်သူ့ထံသို့ ဆောင်ကြဉ်းပေး” ဆောင်ပုဒ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ညီလာခံ ဒုတိယနေ့ အစီအစဉ်များတွင် စာတမ်းဖတ်ပွဲ (parallel session) (၂၅)ခု ပါဝင်ကြောင်း သိရသည်။
သတင်းစဉ်


