နေပြည်တော် နိုဝင်ဘာ ၅

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ရုရှားရေတပ်ဦးစီး ချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် နှစ်နိုင်ငံရေတပ်အရာရှိများအား အပြန်အလှန် မိတ်ဆက်ပေးကြပြီး ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ကဘုရင့်နောင်ရိပ်သာ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံ ရေတပ်နှစ်ရပ်အကြား နဂိုရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ Navy To Navy Talks ဆွေးနွေးပွဲပြုလုပ်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော်ရေတပ်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ရုရှား ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV တို့သည် အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နှင့်အတူ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် နှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများတက်ရောက်ကြပြီး ရုရှားရေတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံစစ်သံမှူး Colonel Sergey KURCHENKO နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထို့ပြင် ရုရှားရေတပ်ဦးစီးချုပ်ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်၍ ပန်းခြင်းချအလေးပြုခြင်း၊ ရတနာဆင်ဖြူတော်သို့သွားရောက် လေ့လာခြင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်သို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ရုရှားရေတပ်ဦးစီးချုပ်ဦးဆောင်သော ချစ်ကြည်ရေးအဖွဲ့သည် ယမန့်နေ ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ရောက်ရှိခဲ့ရာ တပ်မတော်(ရေ)မှအရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ် ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်