နေပြည်တော်၊ နိုဝင်ဘာ  ၅

 

မြန်မာအမျိုးသားလေကြောင်းက နိုင်ငံတကာ ခရီးစဉ်အသစ်ဖြစ်သော ရန်ကုန် - ကူမင်း -ရန်ကုန် ခရီးစဉ်ကို ယနေ့ နိုဝင်ဘာ ၅ ရက်မှစတင်၍ ၁ ပတ်လျှင် ၃ ကြိမ် တနင်္လာ၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Terminal 1 )မှ Boeing 737-800 NG လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန် - ကူမင်း ခရီးစဉ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ထွက်ခွာမည်ဖြစ်ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ကူမင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့  ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ကူမင်း - ရန်ကုန်ခရီးစဉ်တွင် ကူမင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ လေယာဉ်လက်မှတ် ဈေးနှုန်းများအနေဖြင့် အသွားတစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ ၂၇၉ ဒေါ်လာနှင့် အသွားအပြန်ဆိုပါက အမေရိကန်ဒေါ်လာ  ၄၆၄ ဒေါ်လာကျသင့်မည်ဖြစ်သည်။

 

ထို့ပြင် မြန်မာအမျိုးသားလေကြောင်းက ရန်ကုန် - ကူမင်း - ရန်ကုန် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ခရီးစဉ် Cargo Flight ကို နိုဝင်ဘာ ၃ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Boeing 737-400 Freighter လေယာဉ်ဖြင့် စတင်ပျံသန်းပြေးဆွဲခဲ့ပြီး နေ့စဉ်ပျံသန်းပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရသည်။

 

အလားတူ မြန်မာအမျိုးသားလေကြောင်းက ပြည်တွင်းခရီးစဉ်တစ်ခုဖြစ်သည့် ရန်ကုန် - မြိတ် - ရန်ကုန် ပြည်တွင်းခရီးစဉ်ကိုလည်း နိုဝင်ဘာ ၄ ရက်မှ စတင်၍ အပတ်စဉ် တနင်္လာ၊ ကြာသပတေးနှင့် စနေနေ့များတွင် Boeing 737-800 NG လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲ လျက်ရှိကြောင်း သိရသည်။

 

ယင်းခရီးစဉ်တွင် လိုက်ပါသည့် ခရီးသည်များအနေဖြင့် Baggage Allowance များဖြစ်သော  Business Class: 30kg ၊ Premium Economy Class: 25kg ၊ Economy Class: 20kg  နှင့် Hand Carry Baggage 7kg သယ်ဆောင်နိုင်ကြောင်း သိရသည်။

 

သတင်းစဉ်