အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၅

 

တူကီယဲနိုင်ငံသည် ပြီးခဲ့သည့်နှစ်က နိုင်ငံ၏ ပြည်တွင်း၌ ပထမဆုံးထုတ်လုပ်သော လျှပ်စစ်ကား TOGG ကို မိတ်ဆက် ပြီးနောက် လျှပ်စစ်ကား(EV) စျေးကွက်ကို လျင်မြန်စွာ ကြီးထွားလာစေရန် လုပ်ဆောင်လျက်ရှိကြောင်း နိုဝင်ဘာ ၄ ရက်တွင် တူကီယဲသမ္မတ အာဒိုဂန်က ပြောကြားသည်။

 

တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်း ကိုကာအီလီပြည်နယ်ရှိ ကားစက်ရုံ ဖွင့်ပွဲအခမ်းအနားတွင် လက်ရှိ လျှပ်စစ် ကားကုမ္ပဏီများကြား ပြိုင်ဆိုင်မှုပြင်းထန် လျက်ရှိပြီး စျေးကွက်အတွင်းသို့ အမျိုး အစားအသစ်များ ရောက်ရှိလာလိမ့်မည် ဖြစ်ကြောင်း အာဒိုဂန်က အကြံပြုခဲ့သည်။

 

မိမိတို့၏ ရည်မှန်းချက်မှာ တူကီယဲနိုင်ငံအား လျှပ်စစ်ကားနှင့် ဘက်ထရီ ထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံများ ထဲတွင် တစ်နိုင်ငံဖြစ်လာစေရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

တူကီယဲနိုင်ငံ၌ လျှပ်စစ်ကားများအား စိတ်ဝင်စားမှု တိုးလာလျက်ရှိပြီး တူကီယဲ နိုင်ငံအနေဖြင့် လျှပ်စစ်ကားစျေးကွက် တွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်မှု သည် အထူးအရေးပါလာကြောင်းလည်း တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်က ပြော ကြားသည်။

 

စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် မော်တော်ကားဖြန့်ဖြူးသူများနှင့် ရွေ့လျားသွားလာရေးအဖွဲ့၏ အချက်အလက်များအရ တူကီယဲနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ လျှပ်စစ်ကားအစီးရေ ၂၂၉၀၀ ခန့် ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်