ဝါရှင်တန်၊ နိုဝင်ဘာ   ၅

 

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးမှုမြင့်တက်လာချိန်တွင် ထောင်နှင့်ချီသောပြည်သူများက အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်မြို့တော် ဝါရှင်တန်၌ ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း သိရသည်။

 

ဆန္ဒထုတ်ဖော်သူများက “လူမျိုးတုံးသတ်ဖြတ်မှုရပ်တန့်ပါ” ဟူသော လက်ကိုင်စာတန်းများကိုင်ဆောင်ကာ အိမ်ဖြူတော် အနီးရှိ လွတ်လပ်ရေးပလာဇာ၌ စုဝေးကာ ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်လျက်ရှိသည်။ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် အစ္စရေးနိုင်ငံကို စစ်ရေးအရပံ့ပိုးပေးသော သမ္မတဂျိုးဘိုင်ဒင် အစိုးရကို ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။

 

အပြစ်မဲ့ကလေးငယ်များကို သတ်ပစ်ရန် ပြည်သူများ၏အခွန်ငွေကို အသုံးမပြုစေလိုကြောင်းလည်း ဆန္ဒထုတ်ဖော်သူ တစ်ဦးကပြောသည်။ အစ္စရေးနှင့် ပါလက်စတိုင်းအရေးကို အခြေအနေပိုမိုတိုးတက် ကောင်းမွန်လာစေရန်နှင့် အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ချက်များကို  သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် ချမှတ်ဆောင်ရွက်သင့်ကြောင်း  အခြား ဆန္ဒထုတ်ဖော်သူ တစ်ဦးက ဆိုသည်။

 

လက်ရှိတွင် အမေရိကန်အစိုးရသည် အပစ်အခတ်ရပ်စဲရေးအတွက် ဆောင်ရွက်ခြင်းမရှိဘဲ လူသားချင်းစာနာ ထောက်ထားမှုအတွက် စစ်ဆင်နွှဲမှုများကို ခေတ္တခဏရပ်တန့်ရန် တောင်းဆိုလျက်ရှိသည်။ ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားများ သေဆုံးဒဏ်ရာရမှုများ မြင့်တက်လာသည်နှင့်အမျှ အမေရိကန်အစိုးရ၏  အစ္စရေးအား စစ်ရေးအရ ထောက်ပံ့မှု အပေါ်  ဝေဖန်မှုများ မြင့်တက်လာသည်။

 

လာမည့်ဆောင်းဦးရာသီ ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရန် ကြိုးပမ်းနေသည့် ဂျိုးဘိုင်ဒင်ကို လက်ရှိဆောင်ရွက် ချက်များက ပံ့ပိုးပေးနိုင်မည်မဟုတ်ပေ။ အလားတူ နိုဝင်ဘာ ၄ ရက်တွင် ကနေဒါ နိုင်ငံရှိ မြို့ပေါင်း ၃၀ ဝန်းကျင်တွင် အစ္စရေး- ပါလက်စတိုင်းအရေးနှင့် ပတ်သက်ပြီး ဆန္ဒပြမှုများ  ပြုလုပ်ခဲ့သည်။ ဥရောပ တစ်ဝန်းရှိ မြို့ကြီးများတွင်လည်း ဆန္ဒပြ သူများ စုဝေးခဲ့ကြသည်။

 

ပြင်သစ်နိုင်ငံ ပါရီမြို့၌ ပြည်သူ ၁၉၀၀၀ ခန့်သည် အပစ်အခတ်ရပ်စဲရေးအတွက် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြောင်း ရဲအရာရှိများက ဆိုသည်။ ဂျာမနီ နိုင်ငံ ဘာလင်မြို့၌ အပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ပြည်သူများက ပါလက်စတိုင်း အလံများကို ဝှေ့ယမ်းပြီး လမ်းမများပေါ်တွင် စုဝေးခဲ့ကြသည်။ ဗြိတိန်နိုင်ငံ၌ လန်ဒန်မြို့တော်အပါအဝင် နေရာ ၆၀ ခန့်တွင် အလားတူ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။လန်ဒန်မြို့တော်၌ ပြည်သူ ၅၀၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်