နေပြည်တော်၊ နိုဝင်ဘာ ၆

 

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများဆိုင်ရာ လက်တွေ့အသုံးချမှု သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ကျင်းပသည်။

 

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

mdn

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) ရှိ ဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးခွဲများမှ ငွေစာရင်းဆိုင်ရာ လုပ်ငန်းများ၌ တာဝန်ယူဆောင်ရွက်လျက် ရှိသည့် ဝန်ထမ်းများအနေဖြင့် ဘတ်ဂျက်နှင့် ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများကို ပိုမိုသိရှိနားလည်ပြီး ကောင်းမွန်သော ဘဏ္ဍာရေးစည်းမျဉ်း စီမံခန့်ခွဲမှုစနစ်ရှိရန်နှင့်် လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေးဘဏ်၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက လာရောက်ဆွေးနွေးပို့ချ ပေးမည်ဖြစ်ကြောင်း။

 

သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချသည့် ဘာသာရပ်ဆိုင်ရာ အသိပညာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူ၍ မိမိတို့၏စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုများကို မြှင့်တင်သွားရန်၊ တိုက်တွန်းမှာကြားပြီး ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများဆိုင်ရာ လက်တွေ့အသုံးချမှုသင်တန်း သင်ကြားပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းကို ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်