ရန်ကုန် နိုဝင်ဘာ ၆

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် နိုဝင်ဘာ ၃ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့ရှိ Shangri-La Nanning  ဟိုတယ်၌ ကျင်းပသည့် ရေကြောင်းပိုးလမ်းမကြီး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးညီလာခံသို့ တက်ရောက်၍ Keynote Speech  ပြောကြားခဲ့သည်။

 

အဆိုပါညီလာခံကို China Academy of Cultural Heritage ၊  ကွမ်ရှီးဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဦးစီးဌာနနှင့် Cultural Heritage Bureau of Guangxi Zhuang Autonomous Region တို့က ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး ညီလာခံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Cultural Heritage Administration of China နှင့် ကွမ်ရှီးဒေသအစိုးရတို့မှ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးအဆင့် အကြီးအကဲများ၊ အဆင့်မြင့်အရာရှိများ၊ အာဆီယံ နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့မှ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိများနှင့် မြန်မာနိုင်ငံကိုယ်စား ပြု အဆင့်မြင့်အရာရှိများ တက်ရောက်ကြသည်။

 

mdn

 

ယင်းညီလာခံကို တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးတွင် အပြန်အလှန် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်နှင့် အနာဂတ်ကို အတူမျှဝေနိုင်သည့် တရုတ်-အာဆီယံ အသိုက်အဝန်း တည်ထောင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နိုဝင်ဘာ ၄ ရက်က ရေကြောင်းပိုးလမ်းမပေါ်ရှိ အမွေအနှစ်နေရာများဖြစ်သော ပေ့ဟိုင်မြို့ရှိ ယခင်ဗြိတိသျှ ကောင်စစ်ဝန်နေအိမ် ပြတိုက်၊ ပေ့ဟိုင်ရှေးဟောင်းလမ်း၊ ယခင်ပေ့ဟိုင်အကောက်ခွန် ရုံးအဆောက်အအုံတို့သို့လည်းကောင်း၊ ဟယ်ဖူစီရင်စုရှိ ဟန်ခေတ်မင်းဆက်ယဉ်ကျေးမှုပြတိုက်၊ ပိုးလမ်းမဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပြတိုက်နှင့် ပိုးလမ်းမဆိပ်ကမ်းတို့သို့လည်းကောင်း သွားရောက်လေ့လာခဲ့သည်။

 

ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၅ ရက်တွင် တရုတ်နိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကောင်စစ်ဝန် Mr. Pan Feng ၊  အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်