နေပြည်တော်၊ နိုဝင်ဘာ ၆
အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစား ဖွံ့ဖြိုးမှု စီမံချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍လည်းကောင်း၊ အိန္ဒိယနိုင်ငံဘက်မှ ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံး ဒုတိယ အကြီးအကဲ Mr. Ashish Sharma ဦးဆောင်၍လည်းကောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီအ ထောက်အပံ့ပေးရေး ကိစ္စရပ်များ၊ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည့် အသေးစား ဖွံ့ဖြိုးမှုစီမံချက်များ (Small Development Projects- SDP) အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအောက်မှ စီမံချက်များကို ဆောင်ရွက်ရန် ကိစ္စ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနစသည့် ဝန်ကြီးဌာန ၉ ခုတို့မှ အဆိုပြုခဲ့သည့် စီမံကိန်း အဆိုပြုလွှာများကို အသုတ်လိုက် စိစစ်ပြီးစီးသည့် အခြေအနေနှင့် အဆိုပါစီမံချက်များအပေါ် အပြန်အလှန်အကြံပြု၍ အိန္ဒိယဘက်မှ ထပ်မံလိုအပ်သည့် အချက်အလက်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် သက်ဆိုင်ရာဝန်ကြီး ဌာန/ အဖွဲ့အစည်းများအကြား အကူအညီအထောက်အပံ့နှင့် နည်းပညာအကူအညီ စီမံကိန်းများ အကောင်အထည်ဖော်ရန် တာဝန်ခံဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိသည်။
အသေးစားဖွံ့ဖြိုးမှုစီမံချက်များသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံအဆောက်အအုံ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများတွင် အချိန်တိုအတွင်း ထိရောက်စွာ အကျိုးရှိ အကောင်အထည် ဖော်နိုင်မည့် စီမံကိန်းများကို စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၂ သန်းအောက် ပမာဏဖြင့် ဆောင်ရွက်နိုင်သည့် အကူအညီစီမံချက်များ (Grant Projects) ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်