နေပြည်တော်၊ နိုဝင်ဘာ ၆

 

ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း၏ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၌ ကျင်းပခဲ့ရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV နှင့် နှစ်နိုင်ငံရေတပ်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား စစ်သံမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့သည် အလေးပြုခံစင်မြင့်၌ နှစ်နိုင်ငံ ရေတပ်စစ်ရေးပြတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အလံတော်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံအလံတော်တို့ကို နိုင်ငံတော် သီချင်းများတီးမှုတ်၍ အလေးပြုကြသည်။

 

ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့သည် လေ့ကျင့်ခန်း အဖွင့်အမှာစကားများ ပြောကြားခြင်း၊ လေ့ကျင့်ခန်း အထိမ်းအမှတ် အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ခြင်း၊ မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဖွင့်လှစ်ကြောင်း ကြေညာခြင်းနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းတွင် တပ်မတော် (ရေ) နှင့် တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ်များသည် ရုရှားရေတပ်မှ စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များနှင့်ပူးပေါင်း၍ ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန် ကာကွယ်ရေးလေ့ကျင့်ခန်းများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလေ့ကျင့်ခန်းအတွင်း နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များ ပါဝင်လေ့ကျင့် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်