နိုင်ရိုဘီ၊ နိုဝင်ဘာ ၆

 

ကင်ညာနိုင်ငံ၏ ဒေသအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၅ ဦး သေဆုံးကာ လူနေအိမ်အများအပြား ပျက်စီးမှုရှိခဲ့ကြောင်း  ကင်ညာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီ၏ နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည့်သတင်းထုတ်ပြန် ချက်အရ သိရသည်။

 

အဆိုပါရေကြီးမှုကြောင့် ကင်ညာနိုင်ငံတစ်ဝန်းရှိ လူနေအိမ် ၁၅၂၆၄ လုံး ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရပြီး မွေးမြူရေးတိရစ္ဆာန် အကောင်ရေ ၁၀၆၇ ကောင်သေဆုံးခဲ့ကာ စိုက်ပျိုးမြေဧကများစွာ ပျက်စီးမှုများရှိခဲ့ကြောင်း ကင်ညာနိုင်ငံ ကြက်ခြေနီ အဖွဲ့အစည်းက ပြောကြားသည်။

 

ကင်ညာနိုင်ငံ မိုးလေဝသဌာနက နိုဝင်ဘာ ၆ ရက်အထိ ပျမ်းမျှမိုးရွာသွန်းမှုနှုန်းထက် ကျော်လွန်မည်ဟု  နိုဝင်ဘာ ၃ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသော်လည်း မိုးဆက်လက်ရွာသွန်းမှုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်းလည်းသိရသည်။

 

မိုးလေဝသပညာရှင်များ၏ ပြောကြားချက်အရ မိုးဆက်လက်ရွာသွန်းမှုသည် အယ်လ်နီညိုရာသီဥတု အခြေအနေနှင့် အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်သည့် ပင်လယ်ရေမျက်နှာပြင် အပူချိန်တို့ကြောင့် ဖြစ်ကြောင်းနှင့် အယ်လ်နီညိုသည် နှစ်နှစ်မှ ခုနစ်နှစ် တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိသည့် ရာသီဥတုပုံစံ ဖြစ်ကြောင်းသိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်