နေပြည်တော် နိုဝင်ဘာ ၇
(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ KMA Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးသမိုင်း တစ်လျှောက်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား ပြောင်းလဲမှုဖြစ်စဉ်များနှင့်အတူ အသွင်အမျိုးမျိုးဖြင့် ပြုပြင်ပြောင်းလဲဖွဲ့စည်း ရပ်တည်ခဲ့ရာမှ ယနေ့ခေတ်ကာလတိုင်အောင် အစိုးရ၏အုပ်ချုပ်ရေးကို အထောက်အကူပြုသည့် ဌာနကြီးတစ်ခုအနေနှင့် ဆက်လက်ရပ်တည်နိုင်ခဲ့ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနှင့် ဌာန၏ ရည်မှန်းချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ဌာန၏ မူဝါဒများဖြစ်သည့် နိုင်ငံတော်မူဝါဒ လိုက်နာရေး၊ အခြေခံသဘောတရားနှင့် ကိုက်ညီရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေးတို့နှင့်အညီ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့် အမျိုးသားရေး ရည်မှန်းချက် (၂)ရပ်၊ နိုင်ငံရေးရည်မှန်းချက် (၂)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့ကို “မူဝါဒ” အဖြစ် ခံယူပြီး ကျရာအခန်းကဏ္ဍက စိတ်ရင်းစေတနာအမှန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့အကျိုးကို အစဉ်သယ်ပိုးနိုင်ပြီး အရည်အသွေးပြည့်ဝသည့် အုပ်ချုပ်ရေးဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ဌာနတူညီဝတ်စုံများနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များနှင့် အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းတို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် စံပြဆု၊ ပထမဆု ရရှိသူများအား ဆုများချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်